၃၁. ၁၀. ၂၀၂၃

Written by Nyein Kyaw

ရှမ်းပြည်နယ်မြောက်ပိုင်း‌ဒေသအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံပူးတွဲ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီး H.E. Mr. Wang Xiaohong နှင့် နေပြည်‌တော်ရှိ သံတမန်ဆောင်ဧည့်ခန်းမ၌ ယနေ့ လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်။

ယင်းကဲ့သို့ တွေ့ဆုံစဉ် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသသည် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးချိန်ကတည်းက တိုင်းရင်းသားအဖွဲ့အချင်းချင်း အားပြိုင်မှုများဖြစ်ပေါ်ကာ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့မှု၊ အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် အဆိုပါဒေသအတွင်း မူးယစ်ဆေးဝါးများ ထုတ်လုပ်ရောင်းချလျက်ရှိမှု၊ ကိုးကန့်ဒေသအတွင်း “ဖုန်”/”ရန်” အဖွဲ့တို့ အရေးအခင်းဖြစ်ပွားခဲ့မှု၊ “ပယ်” အဖွဲ့ တာဝန်ပေးအပ်ခဲ့မှု၊ အာဏာရလိုမှု၊ လက်နက်ခဲယမ်းများ ထုတ်လုပ်နေမှု၊ လက်နက်ခဲယမ်းများ ဝင်ရောက်မှုများကြောင့် ဒေသတွင်းနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်ပျက်စီးစေလျက်ရှိမှုများ ရှိခဲ့ကြောင်း ဆွေးနွေးခဲ့ကြသည်။

This image has an empty alt attribute; its file name is 396262452_122132553902030934_1862587431351345069_n.jpg

ထို့ကြောင့် နယ်စပ်ဒေသတွင် တရားမဝင်အွန်လိုင်း လောင်းကစားမှုများနှင့် ဆက်သွယ်ရေး လိမ်လည်မှုများ ဖြစ်ပေါ်လျက်ရှိမှုတို့အား ထိထိရောက်ရောက် တင်းတင်းကြပ်ကြပ် အရင်းအမြစ်ကစ၍ နှိမ်နှင်းဖော်ထုတ် ဆောင်ရွက်သွားမည့်အခြေအနေများ၊ အဆိုပါဒေသအတွင်းရှိ ဥပ‌ဒေနှင့် ညီညွှတ်မှု မရှိသည့်လုပ်ငန်းများကို စိစစ်ဖော်ထုတ်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံပူးတွဲ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးအခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသတွင် MNDAA သောင်းကျန်းသူများက နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ လုံခြုံရေးစခန်းများအား တိုက်ခိုက်မှုများ ဆောင်ရွက်လာမှုအခြေအနေများ၊ လောက်ကိုင်ဒေသတွင် ကိုယ်ကျိုးစီးပွားအတွက် အွန်လိုင်းလောင်းကစားများ၊ ဆက်သွယ်ရေးလိမ်လည်မှုများ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုများ ဆောင်ရွက်နေမှုများအား နှစ်နိုင်ငံပူးပေါင်း၍ ဖော်ထုတ်အရေးယူ ဆောင်ရွက်မည့်အခြေအနေများ၊ မြန်မာ့နိုင်ငံရေးအပါအဝင် အခြားကမ္ဘာ့နိုင်ငံရေးများ၌ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုမှ ဝင်ရောက်စွက်ဖက်၍ ၎င်းတို့နိုင်ငံ၏ အကျိုးအတွက်သာကြည့်ပြီး အခြားနိုင်ငံများအပေါ် Double Standard ဖြင့် ခြယ်လှယ်ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *