◾ အကြမ်းဖက်လုပ်ရပ်များ ထပ်မံဆောင်ရွက်လာပါက တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဟု သတိပေး

၃၁. ၁၀. ၂၀၂၃

Written by Zaw Moe

တရုတ်နိုင်ငံကို အသိပေးပြီး တပ်မတော်အနေဖြင့် KIA အဖွဲ့၏ လက်နက်ထုတ်လုပ်သည့် နေရာ၊ ခဲယမ်းနှင့် မိုင်းများ ထုတ်လုပ်သည့်နေရာများနှင့် သိုလှောင်သည့်နေရာများအား သင့်လျော်သည့် တုံ့ပြန်တိုက်ခိုက်မှုများ ယနေ့တွင် ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။

KIA နှင့် ပူးပေါင်းအင်အားစုများအနေဖြင့် ယနေ့ နံနက်ပိုင်းတွင် အများပြည်သူအသုံးပြုလျက်ရှိသော မြစ်ကြီးနား-ဗန်းမော် အဓိက ဆက်သွယ်ရေးကားလမ်းမကြီးအား လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ကန်တော်ယန်တစ်ဝိုက်ရှိ လုံခြုံရေးအဖွဲ့အား အင်အားအလုံးအရင်းဖြင့် အလစ်အငိုက်ရယူ၍ ဝင်‌‌ရောက်တိုက်ခိုက်ခဲ့သည်။

တပ်မတော်က ထာဝရငြိမ်းချမ်းရေးကို ရှေးရှုကာ ငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ်ကမ်းလှမ်း၍ တတ်နိုင်သရွေ့ သည်းခံမှုများပြုလုပ်ခဲ့သော်လည်း KIA နှင့် ပူးပေါင်းအင်အားစုများအနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသ အကြမ်းဖက်အဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများနှင့် အချိန်ကိုက် အခွင့်အရေးယူကာ ယနေ့နံနက်ပိုင်းတွင် တပ်မတော်၏ တပ်စုအဆင့် လုံခြုံရေးဆောင်ရွက်လျက်ရှိသော ကန်တော်ယန် လုံခြုံရေးစခန်းအား သာလွန်အင်အား အများအပြားအသုံးပြု၍ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြစ်ကြီးနား-ဗန်းမော်သွား ဆက်သွယ်ရေးလမ်းကြောင်းအား ပိတ်ဆို့ထိန်းချုပ်ရန် ဆောင်ရွက်လာခဲ့သည်။ ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ/စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

သို့ဖြစ်၍ တပ်မတော်အနေဖြင့် အမာခံသတင်းပေးများ၏ တိကျစွာ သတင်းပေးပို့ချက်အရ ကြိုတင်သိရှိထားသော KIA အဖွဲ့၏ လက်နက်ထုတ်လုပ်သည့် နေရာ၊ ခဲယမ်းနှင့် မိုင်းများ ထုတ်လုပ်သည့်နေရာများနှင့် သိုလှောင်သည့်နေရာများအား သင့်လျော်သည့် တုံ့​ပြန်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါနေရာသည် နယ်စပ်နှင့် နီးကပ်သည့် နေရာဖြစ်၍ အိမ်နီးချင်းနိုင်ငံသို့ မလွှဲမသွေသာ ဆောင်ရွက်ရမည့်ကိစ္စရပ်အား ကြိုတင်အသိပေး ဆောင်ရွက်ခဲ့ခြင်းအပြင် ထိန်းထိန်းသိမ်းသိမ်းဖြင့် ကန့်သတ်တုံ့ပြန်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍လည်း ပြည်သူလူထုနှင့် ပတ်သက်၍ နှောင့်ယှက်ထိပါးစေသော အကြမ်းဖက်လုပ်ရပ်များ ထပ်မံဆောင်ရွက်လာပါက လိုအပ်သော ပြန်လည်တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးသည်။

KIA နှင့် ပူးပေါင်းအင်အားစုသည် အောက်တိုဘာလ ၆ ရက်တွင်လည်း အဆိုပါ လမ်းကြောင်းပေါ်ရှိ လဲလုံရေးစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်အနေဖြင့် သက်ဆိုင်ရာ Peace- Talk Creation Group (PCG) မှတစ်ဆင့် ဆက်သွယ်၍ အများပြည်သူ အသုံးပြုသည့် အရေးကြီးသော ဆက်သွယ်ရေးလမ်းဖြစ်၍ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခြင်းမပြုရန်နှင့် ထပ်မံ၍ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လာပါက သည်းခံနိုင်စွမ်းကုန်ဆုံးပြီး သင့်လျော်သည့် တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်ကြိမ်တိုင်တိုင် သတိပေးအကြောင်းကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *