၁၀. ၉. ၂၀၂၃
Written by Phyo Wei

ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်မှာ အမေရိကန်အစိုးရဟာ မြန်မာအစိုးရပိုင်ဘဏ်နှစ်ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်း ရောင်းဝယ်ရေးဘဏ်(MICB)တို့ကို ပိတ်ဆို့မှုချမှတ်အပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်ကပါ ဘင်္ဂလားဒေ့ရှ်ဘဏ်တွေအနေနဲ့ ပိတ်ဆို့မှုချမှတ်ခံထားရတဲ့ မြန်မာဘဏ်နှစ်ခုနဲ့ ငွေကြေးလွှဲပြောင်းတာမလုပ်ဖို့ ကန့်သတ်ချက်ထုတ်ပြန်ခဲ့တာဟာ စိတ်ပျက်စရာဖြစ်သလို မြန်မာနိုင်ငံပိုင်ဒေါ်လာ ၁ သန်းကျော်ကိုပါ အမေရိကန်အလိုကျ ပိတ်ဆို့ထားတဲ့ ဘင်္ဂလားဒေ့ရှ်လုပ်ရပ်ဟာ စိတ်ပျက်စရာပါ။

တစ်ဖက်မှာလည်း ရွှေနဲ့ဒေါ်လာ စျေးကစားသူတွေအပြင် ဝိသမလောဘသားတွေဖြစ်တဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တချို့ကိုပါ ဖမ်းဆီးနေတယ်ဆိုတဲ့ ဖြစ်စဥ်တွေရှိခဲ့တာကြောင့် အဆမတန်မြင့်တက်နေတဲ့စျေးတွေ ပြန်ကျဆင်းတော့မလားပြောရမဲ့ ဒီရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းပြန်လွှဲပြောင်းဖို့၊ သစ်တောဖုံးလွှမ်းမှု ၄၂ ရာခိုင်နှုန်းပဲကျန်တယ်ဆိုတဲ့အခြေအနေတွေနဲ့ မြန်မာ့လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုဟာ ဆိုးဆိုးရွားရွားအဖြစ် ၂ ဒသမ ဂစ်ဂါဝပ်အထိ ကျဆင်းလာတယ်ဆိုတဲ့ အကြောင်းတွေကို တင်ပြချင်ပါတယ်။

“လစာရဲ့ ၂၅ ရာခိုင်နှုန်း တရားဝင်လွှဲပြောင်းရမဲ့ ရွှေ့ပြောင်းလုပ်သား”

ပြည်ပကို အလုပ်သွားလုပ်မဲ့ အလုပ်သမားတွေအနေနဲ့ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ တရားဝင်လမ်းကြောင်းဖြစ်တဲ့ ပြည်တွင်းဘဏ်တွေကတစ်ဆင့် လွှဲပြောင်းရမယ်ဆိုတဲ့အချက်ကို လက်မှတ်ရေးထိုးရမှာဖြစ်ပြီး စည်းကမ်းမလိုက်နာရင် နောက်တစ်ကြိမ် ပြည်ပထွက်ခွာလုပ်ကိုင်ခွင့် သုံးနှစ် ပိတ်ပင်မယ်လို့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်လာတာ တွေ့ရပါတယ်။

ဒီလိုလုပ်တာဟာ တရားမဝင်ဟွန်ဒီတွေကနေ ငွေလွှဲပြောင်းလို့ မြန်မာလုပ်သားတွေရဲ့ ငွေတွေလိမ်လည်ခံနေရတာ၊ တရားမဝင် Banking တွေကနေ Pay တွေကနေ ငွေတွေစီးဆင်းနေပြီး ဒီလိုမျိုး တရားမဝင်စီးဆင်းနေတဲ့ ငွေတွေဟာ လက်နက်တွေ ကျည်တွေ မိုင်းတွေဝယ်ဖို့ဖြစ်လာတာ။ အဲဒီလိုမျိုး မိုင်းတွေ၊ ကျည်တွေ၊ ဗုံးတွေဟာ လက်နက်ကိုင်နေရာတွေပစ်မှတ်ဖြစ်လာတာထက် ပြည်သူအများစုလှုပ်ရှားသွားလာနေတဲ့ နေရာတွေကို ပစ်မှတ်ထားတာဖြစ်နေလို့ ဒီလိုကန့်သတ်ချက်ဟာ ကောင်းမွန်မှာဖြစ်သလို ဒီလိုမျိုးတရားဝင်လွှဲပြောင်းထားတဲ့ ငွေကြေးတွေအတွက်တော့ အခွန်ကင်းလွတ်ခွင့်တွေ ခံစားခွင့်တွေရလာမှာဖြစ်လို့ အောင်မြင်ဖို့လိုအပ်တဲ့ဆောင်ရွက်ချက်လို့ပဲပြောရမှာပါ။

“သစ်တောဖုံးလွှမ်းမှု ၄၂ ရာခိုင်နှုန်းပဲကျန်တဲ့အခြေအနေ”

ခေတ်အဆက်ဆက်မှာ နိုင်ငံ့ဝင်ငွေရရှိရေးအတွက် သစ်တွေထုတ်ယူရောင်းချခဲ့တာကြောင့် သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းက ၄၂ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့တာ တွေ့ရတယ်လို့ SAC ဥက္ကဋ္ဌက ပြောလာပါတယ်။ စနစ်တကျထုတ်ယူသုံးစွဲမှုမရှိဘဲ အလွန်အကျွံထုတ်ယူသုံးစွဲတာကြောင့် ရာသီဥတုပြောင်းလဲမှုဘေးလည်း ကြုံနေရပြီး အရင် နေပြည်တော်ရဲ့ ရာသီဥတုဟာ ၂၀၀၆ ခုနှစ်မှာ ပျှမ်းမျှအပူအချိန် ၂၆ ဒသမ ၉၇ ဒီဂရီစင်တီဂရိတ်ခန့်သာရှိခဲ့တာက အခုအချိန်မှာ ပျှမ်းမျှအပူချိန် ၂၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ တိုးမြင့်လာတယ်လို့လည်း ပြောခဲ့ပါသေးတယ်။

လက်ရှိအခြေအနေမှာတော့ နေရာအနှံ့မှာ PDF လက်နက်ကိုင်အဖွဲ့အသစ်တွေ ရာနဲ့ချီပေါ်လာတာနဲ့အမျှ လက်နက်ကိုင်တိုက်ပွဲတွေ ဖော်ဆောင်ဖို့အတွက် ငွေရဖို့လိုအပ်တာကြောင့် နေရာအနှံ့မှာ သစ်တွေခိုးထုတ်နေကြတာကို တွေ့မြင်လာရပြီး ဒီပဋိပက္ခကြီးပြီးသွားချိန်မှာ သစ်တောဖုံးလွှမ်းမှုဟာ ၄၂ ရာခိုင်နှုန်းကျန်ဖို့မပြောနဲ့ သစ်တောမြင်ရရင် ကံကောင်းလှပြီလို့ ပြောရမဲ့အခြေအနေရောက်သွားမလားတောင် တွေးပူစရာဖြစ်လာနေပါပြီ။ ဒီလိုမျိုး လက်နက်ကိုင်ပဋိပက္ခကြာလာတာနဲ့အမျှ နေရာအနှံ့မှာ သစ်ခိုးထုတ်၊ သစ်ခိုးခုတ်နေတာတွေ မထိန်းချုပ်နိုင်ရင်တော့ ကမ္ဘာမှာ သဘာ၀ဘေးဒဏ်အခံရဆုံး မြန်မာနိုင်ငံဟာ ပိုမိုဆိုးရွားတဲ့ သဘာ၀ဘေးဒဏ်တွေ နှစ်တိုင်းလိုလိုကြုံလာရမှာဖြစ်ပြီး ဒီဒဏ်ကို ပြည်သူပဲ ရင်ဆီးခံရဦးမှာဖြစ်လို့ လက်နက်ကိုင်တိုက်ပွဲတွေဖော်ဆောင်ဖို့ သစ်ခိုးထုတ်နေကြသူတွေလည်း မလုပ်သင့် မလုပ်ထိုက်ဘူးလို့ ဆင်ခြင်အသိရှိရင် ပိုကောင်းမှာပါ။

“ဆိုးဆိုးရွားရွားကျဆင်းလာတဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု”

မြန်မာနိုင်ငံမှာ အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ထောက်ပံ့ပေးနိုင်မှုနဲ့ လိုအပ်သုံးစွဲမှုကြား ကွာဟချက်ကြီးမားခဲ့ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၂ ဒသမ ၅ ဂစ်ဂါဝပ်ကျော် (2.5 Gigawatts-GW) လျော့ကျသွားခဲ့သလို နိုင်ငံတဝှမ်းမှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ ဓာတ်အားပေးလိုင်းတွေ တိုက်ခိုက်ခံရမှုအနည်းဆုံး၂၂၉ ကြိမ်ရှိခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ In the Dark: Power Sector Challenges in Myanmar စစ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ရှိနေတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေရဲ့ ၇၇ ရာခိုင်နှုန်းက လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားတဲ့ နေရာနဲ့ ၁၀ ကီလိုမီတာအတွင်းရှိနေသလို NUG နဲ့ PDF တွေဖျက်ဆီးမှုကြောင့် လျှပ်စစ်ဓာတ်အားပေးလိုင်းတွေ၊ ဓာတ်အားပေးစက်ရုံတွေ ဖျက်ဆီးခံရပြီးနောက်မှာလည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုက တိုးတက်မလာတော့ဘူးလို့ပြောခဲ့ပါသေးတယ်။

ဒီနေရာမှာ လျှပ်စစ်ဓာတ်အားလိုင်းတွေ ဖျက်ဆီးခံရမှုဟာ သာမန်ကြည့်ရင် ပြည်သူတွေလျှပ်စစ်မီးမရဘူးဆိုတာလောက်ပဲမြင်ရမှာဖြစ်ပေမဲ့ နောက်ကွယ်မှာတော့ ပြည်သူလူထုရဲ့ နေရေးစားရေးထိခိုက်မှုအပြင် ကုန်စျေးနှုန်းမြင့်တက်မှုပါ ဖြစ်စေခဲ့တာပါ။

လျှပ်စစ်မီးပုံမှန်မရတော့တဲ့နောက်မှာ ပြည်သူလူထုဟာ မီးရဖို့အပိုကုန်ကျစရိတ်တွေသုံးစွဲရတာ၊ ချက်ပြုတ်စားသောက်ဖို့အဆင်မပြေတော့လို့ ဝယ်စားတဲ့အခါ ကုန်ကျစရိတ်ပိုလာတာ၊ ဒီလိုပဲ စက်ရုံတွေမှာ လျှပ်စစ်မီးမရတဲ့အခါ စက်သုံးဆီဝယ်သုံးရလို့ စက်သုံးဆီစျေးတွေတက်၊ စက်သုံးဆီနဲ့လည်ပတ်ရတဲ့အခါ ထုတ်ကုန်တွေမှာစျေးတွေတက်ပြီး ဒီလိုတက်သမျှစျေးတွေဟာ နောက်ဆုံးမှာ စားသုံးသူပြည်သူပဲ ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ပဲခံရ​တော့တာပါ။ ဒီလိုမျိုး လျှပ်စစ်မီးရရှိမှုဖျက်ဆီး၊ မီတာခမဆောင်မှုတွေဟာ ထောက်ခံသင့်တဲ့အရာမဟုတ်ဘဲ မင်းတို့တိုက်ခိုက်ဖျက်ဆီးသမျှဟာ ငါတို့ပြည်သူပဲထိခိုက်မှာ ဖျက်ဆီးတာလက်မခံဘူးဆိုတဲ့ စိတ်မျိုး မွေးနိုင်ဖို့လိုအပ်သလို ဒီလိုအကြမ်းဖက်မှုတွေ ထောက်ခံနေသရွေ့တော့ မီးမလာ၊ ရေပြတ်၊ ကုန်စျေးနှုန်းတက်မှုဒဏ် လည်စင်းခံနေရဦးမှာပါလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *