◾ စားအုန်းဆီတင်သွင်းမှုနှင့် ဆန်နှင့်ပဲမျိုးစုံ တင်ပို့နိုင်ရေး အလေးပေးဆွေးနွေး
၆. ၉. ၂၀၂၃
Written by Ye Kyaw
စီးပွားရေးဆိုင်ရာ ဆက်သွယ်မှုအားကောင်းရန်နှင့် အပြန်အလှန်တိုးတက်မှုမြှင့်တင်ရန် ကတိကဝတ်များခိုင်မာစေရန်အတွက် အင်ဒိုနီးရှားကုန်သည်စက်မှုအသင်း (KADIN) နှင့် မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တို့အကြား နားလည်မှုစာချွန်လွှာ (MOU) ကို စက်တင်ဘာ ၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း UMFCCI မှ သိရသည်။
နားလည်မှုစာချွန်လွှာတွင် အသိပညာများနှင့် အကောင်းဆုံးအလေ့အကျင့်များမျှဝေခြင်း၊ ကွန်ဖရင့်များနှင့် အလုပ်ရုံဆွေး နွေးပွဲများကျင်းပနိုင်ရေး၊ စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးနှင့် စီမံကိန်းများတွင် ဦးစားပေးပူးပေါင်းဆောင်ရွက်ရေးတို့ပါဝင်ကြောင်း သိရသည်။
အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့မှ ဦးဆောင်စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့်အင်ဒိုနီးရှား-မြန်မာ စားပွဲဝိုင်းဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၊The Sultan Hotel ၌ ကျင်းပခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်ကို စတင်ခဲ့ကြောင်း သိရသည်။
”အာဆီယံသည် တိုးတက်မှုရဲ့ဗဟိုချက်ဖြစ်လာသည်နဲ့အမျှ မိမိတို့အနေနဲ့ မည်သူ့ကိုမျှ နောက်ချန်မထားခဲ့ရန် သေချာပါတယ်။ အမျိုးမျိုးသော စက်မှုလုပ်ငန်းတွေမှာ အင်ဒိုနီးရှားနဲ့ မြန်မာအကြား ပူးပေါင်းဆောင်ရွက်မှု အများအပြားကို မျှော်မှန်းထားပါတယ်” ဟု ASEAN-BAC ဥက္ကဋ္ဌ နှင့် အင်ဒိုနီးရှားကုန်သည်စက်မှုအသင်း (KADIN) ဥက္ကဋ္ဌဖြစ်သူ Mr. M.Arsjad Rasjid P.M. က ပြောကြားခဲ့သည်။
စားအုန်းဆီ အဓိကတင်ပို့သည့် အင်ဒိုနီးရှားသည် မြန်မာနိုင်ငံရှိ အိမ်ထောင်စုများစွာအတွက် စားနပ်ရိက္ခာဖူလုံရေးတွင် အဓိကအခန်းကဏ္ဍမှပါဝင်နေပြီး အလားတူ အင်ဒိုနီးရှားနိုင်ငံအတွက် အဓိကစားနပ်ရိက္ခာဖြစ်သည့် ဆန်နှင့်ပဲမျိုးစုံတင်ပို့မှုသည် ကုန်သွယ်မှုဆက်ဆံရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍလည်းဖြစ်သည်။ စားနပ်ရိက္ခာဖူလုံရေး လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် အလေးပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ကဏ္ဍအသီးသီး၌ အလားအလာရှိသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုများ၊ အရောင်းသွက်သုံးကုန်ပစ္စည်းများမှသည် အထည်ချုပ်လုပ်ငန်းများနှင့် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအထိပါဝင်ပြီး ငွေကြေးနှင့် ကုန်သွယ်မှုငွေပေးချေရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။





