မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ မေးမြန်းနေသည့်ဒေါက်တာအေးမောင်ကိုတွေ့မြင်ရစဥ်
၆.၉.၂၀၂၃
Written by Peya
တည်ငြိမ်သည့် အခင်းအကျင်းဖြင့် မြန်မာနိုင်ငံကို ဖြတ်သန်းစေလိုသည်ဆိုပါက ပူးပေါင်းသင့်သည်ကို ပူးပေါင်းရဲရမည်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က MT News သတင်းဌာနသို့ ပြောသည်။
မည်သည့်အခြေအနေမျိုးတွင် ရွေးကောက်ပွဲကျင်းပနိုင်မည်ဟု မျှော်လင့်ပါသလဲဟု MT News သတင်းဌာနက မေးမြန်းခဲ့သည့်အပေါ် ဒေါက်တာအေးမောင်က ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ခိုင်မာတဲ့ မဲစာရင်းတစ်ခု ရဖို့လိုလိမ့်မယ်။ ပထမအဆင့်သည် ၂၀၂၄ သန်းခေါင်စာရင်းဆိုတာ တစ်ခု။ အဲ့ဒီကာလ အထိ အကြားအလပ်မရှိ ရွေးကောက်ပွဲ ဘယ်လောက်အထိ လုပ်ပေးနိုင်သလဲဆိုတဲ့ မြေပြင်အနေအထားတစ်ခု SAC ဘက်က စဉ်းစားလိမ့်မယ်။ ပြီးမှ အခြေခံဥပဒေအရ ခွင့်ပြုချက်က အခုလုပ်မယ့် လွှတ်တော်အတိုင်း တစ်ဝက်ကျော် အမတ်အရေအတွက်ရရင် အထမြောက်တယ်။ ဒီဘက်က ၂၅ ရာခိုင်နှုန်းက ပုံမှန်လာမယ်။ ရွေးကောက်ခံအမတ်ရဲ့ ၇၅ ရာခိုင်နှုန်းပေါ့။ အဲ့ဒီဥစ္စာရဲ့ အထမြောက်မှုကို ကြည့်ရင် ရွေးကောက်ပွဲတစ်ခုရဲ့အောင်မြင်မှု နောက်အစိုးရတစ်ရပ်ဆိုတာကို မျှော်မှန်းလို့ ရတာပေါ့။ အဲ့ဒီလိုသွားမယ်ဆို အခြေခံမဲစာရင်းသည် ပထမအချက်အရေးကြီးတယ်။ နှစ်အချက်က အကြားအလပ်မရှိ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ တည်ငြိမ်အေးချမ်းတဲ့ အနေအထားတစ်ရပ်လိုအပ်တယ်။ ဒါပေမယ့် အရေးပေါ်ကာလ ဥပဒေပြဌာန်းချက်သည် အခြေခံဥပဒေအရ ဘယ်လောက်ဆွဲဆန့်လို့ရသလဲ။ ဘယ်လောက်အထိ ဆွဲဆန့်မှဖြစ်မှာလဲဆိုတဲ့ ဆင်ခြင် တုံတရား။ ခုနက ရွေးကောက်ပွဲတစ်ခုရဲ့ အထမြောက်တဲ့ လွှတ်တော်၊ အခြေခံဥပဒေပေးထားချက်။ ၅၀ ရာခိုင်နှုန်းကျော် သွားရင် အထမြောက်တယ်။ အစိုးရဖွဲ့လို့ရတယ်။ လာမယ့်ကာလမှာ ဘယ်လောက်အကျဉ်းအကျပ် ဖြစ်လာမှာလဲ။ ကိုယ့်ဘက်က ဘယ်လောက်ပါလာမှာလဲ။ သူ့ဘက်က ဘယ်လောက်ရှိသလဲ။ အဲ့ဒီ ဥစ္စာကို SAC သည် ချိန်ဆရမှာပေါ့။ UEC သည် ချိန်ဆပေးရမှာပေါ့” ဟု ဒေါက်တာ အေးမောင်က ဆိုသည်။
ခိုင်မာသည့် မဲစာရင်း၊ တိကျသည့် မဲစာရင်းတစ်ခု ရှိမှသာ အဆိုပါ မဲစာရင်းကို အခြေခံကာ ရွေးကောက်ပွဲလုပ်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စဉ်းစားမည်ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် အကြားအလပ်မရှိ ရွေးကောက်ပွဲကို ရည်မှန်းချက်အနေဖြင့် ထားခြင်းဖြစ်ကာ အခြေခံဥပဒေခွင့်ပြုချက်သည် ၅၀ ရာခိုင်နှုန်းကျော်သော လွှတ်တော်အမတ်ရောက်လျှင် အစိုးရတစ်ရပ်ကို ဖွဲ့နိုင်မည်ဖြစ်၍ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အာဏာကို လွှဲပြောင်းနိုင်ပြီဖြစ်ကာ ရွေးကောက်ခံ အစိုးရတစ်ရပ် ပေါပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
“SAC ဘယ်လို သွားမှာလဲ။ (ပုဒ်မ) ၄၂၅ ကို ခြောက်လတစ်ကြိမ် သက်တမ်းထပ်တိုးဖို့ လိုသလား၊ မလိုဘူးလားက တည်ငြိမ်အေးချမ်းမှုနဲ့ ရွေးကောက်ပွဲ အခင်းအကျင်း ဒီအပေါ် မူတည်ပြီး ရှေ့ဆက်သွားမှာလား၊ ဘယ်တော့လုပ်မလဲ သူဆုံးဖြတ်လိမ့်မယ်။ ကျွန်တော်ထင်တယ် ၂၀၂၄ အလွန်လောက်တော့ ပထမအဆင့် မျှော်မှန်းလို့ ရတာပေါ့။ အခြေခံ မဲစာရင်းရပြီ။ စမတ်ကတ်နဲ့ သွားနိုင်တယ်။ ခလုတ်တစ်ချက်ထိတာနဲ့ မဲဆန္ဒနယ်တစ်ခုမှာပဲ မဲပေးနိုင်အောင် သူလုပ်လိမ့်မယ်။ အဲ့ဒီတော့ Free and Fair ဖြစ်နိုင်တယ်။ အဲ့ဒီလို ဖြစ်အောင်လည်း ကြိုးစားလိမ့်မယ်။ အစိုးရတစ်ရပ်ဖွဲ့နိုင်တဲ့ အခင်းအကျင်းဖြစ်တဲ့ လွှတ်တော် ဘယ်တော့ရောက်မှာလဲဆို တည်ငြိမ်အေးချမ်းတဲ့ အခင်းအကျင်း၊ လက်ရှိ လူထု ဘယ်လောက်ပူးပေါင်းလာသလဲ။ ဒီအကျဉ်းအကျပ်ကြားထဲမှာ ဆန့်ကျင်ဘက် အဖွဲ့အစည်းက ရွေးကောက်ပွဲတစ်ရပ်ရဲ့ လိုအပ်မှုကို ဘယ်လောက်အထိ သဘောပေါက်လာမလဲ။ သဘောမပေါက်ရင် သူဆန့်ကျင်မယ်။ ဆန့်ကျင်ရင် ရွေးကောက်ပွဲ မဖြစ်ရင် သူဆက်သွားမှာပဲ။ ၄၂၅ သည် ခြောက် (လ) ခြောက် (လ) အကြိမ်များစွာ ယူလို့ရတယ်” ဟု ဒေါက်တာ အေးမောင်က ဆိုသည်။
ရွေးကောက်ပွဲကို မြန်မြန်လုပ်လိုလျှင် မြန်မြန်တည်ငြိမ်အေးချမ်းရန်လိုပြီး မဲဆန္ဒရှင်တိုင်း၏ လက်ရှိအကျဉ်းအကျပ်ကို နားလည်မှုနှင့်ဆိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
“မဲမပေးအောင်တို့လုပ်မယ်ဆိုတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတယ်။ အဲ့ဒီမှာ နားလည်ဖို့ လိုတယ်။ တရားဝင် နိုင်ငံရေးပါတီတစ်ခုရဲ့ အခန်းကဏ္ဍ၊ လိုအပ်မှု။ လက်ရှိ အကျဉ်းအကျပ်ကြားက ဘယ်လို ကျော်ဖြတ်မှာလဲဆိုတဲ့ မြန်မာနိုင်ငံတစ်ခုလုံးရဲ့ လိုအပ်မှု။ ထိုင်းတို့၊ ဘင်္ဂလားဒေ့ရှ်တို့ ဘယ်လောက်လှလဲ။ ကျွန်တော်တို့ပဲ ရန်ဖြစ်နေကြတာ။ ဘယ်တော့ပြီးမှာလဲ။ ဘယ်လောက်အထိ သေပေးရမှာလဲ။ တည်ငြိမ်တဲ့ အခင်းအကျင်းနဲ့ မြန်မာနိုင်ငံကို ဖြတ်သန်းစေချင်လား။ ကျွန်တော်တို့ တစ်ခု ဆုံးဖြတ်ဖို့ လိုတယ်။ ပူးပေါင်းသင့်တာကို ပူးပေါင်းရဲရမယ်။ ပြတ်ပြတ်သားသား မဆုံးဖြတ်သမျှ ဒီအတိုင်းပဲ သွားရင် ဒီအတိုင်းပဲ ဖြစ်သွားမှာ။ ၇၅ နှစ်ကျော်ပြီ။ လွတ်လပ်ရေးအရသာကို မခံစားရဘူး။ ဒါကြောင့် နိုင်ငံရေးနည်းနဲ့ တရားဝင်ပါတီ ထောင်မယ်။ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်။ လက်နက်ကိုင်မှ ဒါကြီးကို ရမယ်ဆိုတဲ့ အင်အားစုက သွားသင့်တာ သွားကြ မဆန့်ကျင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ ယုံတာက နိုင်ငံရေး နည်းနဲ့ သွေးမြေကျမှုအနည်းဆုံးနဲ့ ညှိနှိုင်းပြီး ဖြေရှင်းမှ မြန်မာ့နိုင်ငံရေး ပြဿနာသည် ရလဒ်ထွက်မယ်” ဟု ဒေါက်တာ အေးမောင်က ပြောသည်။
