April 29, 2024

၂၇. ၈. ၂၀၂၃

Written By Thandar

ပရဟိတအလှူအတန်းတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေလျှက်ရှိတဲ့ အကယ်ဒမီ ခန့်စည်သူက ပြည်ခရိုင် ပန်းတောင်းမြို့ ရှေးဟောင်းသမိုင်းဝင် ပေါ်တော်မူ(ရှင်ဖြူ) မြတ်စွာဘုရားကြီးရဲ့ ပရဝဏ်အတွင်းရှိ သီရိမင်္ဂလာကန်တော် ကန်ဆယ်ခြင်းနဲ့ ပြုပြင်တည်ဆောက်ဖို့အတွက် အလှူငွေ ကျပ် ၁၀ သိန်း လှူဒါန်းခဲ့ပါတယ်။

“ပန်းတောင်းမြို့က ရှေးဟောင်း သမိုင်းဝင် ပေါ်တော်မူ(ရှင်ဖြူ) မြတ်စွာဘုရားကြီးရဲ့ ပရဝဏ်အတွင်းမှာ အသစ်ပြန်ပြီး တည်တဲ့ နဂါးရုံဘုရားကတော့ သူတို့တွေ ပြီးပြီထင်ပါတယ်။ ဘုရားပရဝဏ်ထဲက ကန်ကလည်း ခမ်းခြောက်နေပြီဖြစ်တဲ့ အတွက် အဲဒီ သီရိမင်္ဂလာကန်တော်ကို ပြန်ဆယ်ပြီး ပြုပြင်တည်ဆောက်တာအတွက် အလှူငွေ ကျပ် ၁၀ သိန်းကို လှူဒါန်းတာပါ။ တကယ်က အဲဒီဘုရားက မြေအောက်မှ မြုပ်နေခဲ့ပြီး ပြန်ဆယ်ယူထားတာ ပေါ်တော်မူဘုရားဆိုပြီးနာမည်ကြီးနေပေမယ့် ဘုရားရဲ့ မူလဘွဲ့တော်က ရှင်ဖြူဘုရားပါ။ ဘုရားက စကျင်ကျောက်နဲ့ ထုလုပ်ထားတယ်ဆိုပေမယ့် ကြည်လင်ပြီး တကယ်သပ္ပါယ်တဲ့ ဘုရားပါ။ အခုလို လှူဒါန်းခွင့်ရတဲ့အတွက်လည်း အများကြီး ဝမ်းသာ ပီတိဖြစ်ရပါတယ်” လို့ အကယ်ဒမီ ခန့်စည်သူက MT News ကို ပြောပါတယ်။

သူဟာလှူဒါန်းမှု အစုစုတို့ ကုသိုလ်ကို ကျေးဇူးရှင် မိဘနှစ်ပါး မူလရေကန်တော်အလှူရှင်‌တွေနဲ့တကွ ၇ ရက် သား၊ သမီး အပေါင်း သူတော်ကောင်းတွေကိုလည်း မေတ္တာပို့ အမျှ ကုသိုလ် ဝေမျှခဲ့တာဖြစ်ပါတယ်။

ယခင်က ခန့်စည်သူ ဦးဆောင်တဲ့ “မေတ္တာသိင်္ဂဟ” အဖွဲ့အနေနဲ့တည်ထောင်ခဲ့ပြီး အလှူအတန်းတွေလည်း လုပ်ခဲ့ပါသေးတယ်။ မကြာခင် အောက်တိုဘာ ၁၃ရက်မှာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင်နေ့နဲ့ သက်ကြီးပူဇော်ပွဲအတွက်လည်း အလှူ‌ငွေတွေ ပါဝင်လှူဒါန်းခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *