၂၇. ၈. ၂၀၂၃

Written by Thettant

ဆိုင်ကယ်ကို တိမ်းရှောင်သည့် ဆီဘောက်ဆာယာဥ် လမ်းဘေးထိုးကျတိမ်းမှောက်ကာ မီးလောင်သဖြင့် ဒရိုင်ဘာသေဆုံးကာ ယာဥ်နောက်လိုက် ဒဏ်ရာရမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဥ်မှာ ယနေ့ မွန်းမတည့်မီ ၁၁ နာရီခွဲ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ(၃)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၇၆/၄)နှင့် (၇၆/၅)ကြားတွင် ဆီဘောက်ဆာယာဉ်သည် မျက်နှာချင်းဆိုင်မောင်းနှင်လာသော ဆိုင်ကယ်အားရှောင်ရာမှ လမ်းဘေးသို့ထိုးကျတိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

ထို့ကြောင့် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ ပြွန်တန်ဆာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၃)စီး၊ ပိန်းဇလုပ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဒိုက်ဦးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဝေါမြို့နယ်မီးသတ်စခန်းမှ အထောက်အကူပြုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွာရောက်ငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁ နာရီမှသာ မီးငြိမ်းခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် ဆီဘောက်ဆာယာဉ်၏ ယာဉ်မောင်းကျား(၁)ဦး သေဆုံးပြီး ယာဉ်နောက်လိုက် ကျား(၁)ဦးမှာ ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)ခဲ့သဖြင့် စေတနာပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ပြွန်တန်ဆာပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

Photo- MFSD

Leave a Reply

Your email address will not be published. Required fields are marked *