၂၈. ၈. ၂၀၂၃
Written by Peya

ကမ္ဘောဒီးယားတွင် ထိုးသတ်မည့် ၎င်း၏ လက်ဝှေ့သမားဘဝ နောက်ဆုံးပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့ကျော် ကနေဒါ နိုင်ငံသား ဒေဝက မြန်မာကိုယ်စားပြုထိုးသတ်မည်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည့် အချက်အလက်များအရ သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ လက်ရှိ လက်ဝှေ့ချန်ပီယံဖြစ်ပြီး ပြီးခဲ့သည့် ကမ္ဘောဒီးယား ဆီးဂိမ်းတွင် မြန်မာ့ရိုးရာ လက်ဝှေ့ကျော် ထွန်းထွန်းမင်းကို အမှတ်ဖြင့် အနိုင်ယူကာ ရွှေတံဆိပ်ရခဲ့သူ ပရွမ်စမ်နမ်နှင့် မြန်မာရိုးရာ လက်ဝှေ့ အလွတ်တန်း ကမ္ဘာ့ချန်ပီယံ ဒေဝက လာမည့် နိုဝင်ဘာလ ၅ ရက်တွင် ထိုးသတ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

“ကျိန်းသေ Official ဖြစ်ပါပြီ။ ကျွန်တော်နဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ လက်ရှိချန်ပီယံ၊ အကြီးကျယ်ဆုံးကြယ်ပွင့် ပရွမ်စမ်နန်တို့ နိုဝင်ဘာ ၅ ရက်ကျရင် ဖနွမ်းပင်မြို့မှာ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်” ဟု ဒေဝ က အသိပေးထားပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ်အသစ် ဟွန်မာနက်ကလည်း ပွဲအပြီးတွင် လာရောက်တွေ့ဆုံရန်အတွက် တရားဝင် ဖိတ်ကြားထားကြောင်း ၎င်းက ဆိုသည်။

ဒေဝ၏ ပြိုင်ဘက် လက်ဝှေ့သမားသည် ၃၂ ပွဲ ဆက်တိုက် အနိုင်ရထားသူဖြစ်ပြီး စိန်ခေါ်မှုအတွက် ရင်ခုန် စိတ်လှုပ်ရှားနေကြောင်းလည်း ၎င်းက ဆိုသည်။

“ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတာ ကျွန်ုပ်တို့ဟာ ရှေးခေတ်စစ်သည်တော်တွေလို့ ကမ္ဘောဒီးယားနှင့် မြန်မာပွဲမှာ အလဲထိုးမှ အနိုင် (အမှတ်ပေးစနစ်မရှိ)၊ ရိုးရာကွမ်းခမာကြိုးတွေနဲ့ ၉ မိနစ် ၁ ချီ (အနားမပါ) စနစ်ဖြင့်ထိုးသတ် သွားကြမှာ ဖြစ်ပါတယ်” ဟု ၎င်းက ရေးသားထားသည်။

ဒေဝသည် အဆိုပါ ပွဲပြီးလျှင် ကစားသမားဘဝက အနားယူတော့မည် ဖြစ်ကြောင်းလည်း ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်အကောင့်က တစ်ဆင့် ကြေညာထားပြီး ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *