၂၈. ၈. ၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ လှည်းတန်း က ရာပြည့်စာအုပ်ဆိုင်တွင် နေ့ခင်းကြောင်တောင် ပိုက်ဆံ ခြောက်သိန်းကျော် ငွေလိမ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါဆိုင်က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာထက်တွင် အသိပေးထားသည်။

အဆိုပါ ဆိုင်ရှိရာ တည်နေရာသည် လူသွားလူလာ များပြားသည့် နေရာတစ်ခုဖြစ်ပြီး ဩဂုတ် ၂၇ ရက်တွင် အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ငွေအကြွေ လဲလှယ်လိုပါသလားဟု မေးမြန်းပြီးနောက် အလှူခံသူ အနေဖြင့် လိမ်လည်သွားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“အင်္ကျီအဖြူလက်ရှည်နဲ့လူက မနက် ၁၀ နာရီ ၄၀ လောက်မှာ ရာပြည့်စာအုပ်ဆိုင် (လှည်းတန်းဆိုင်ခွဲ)ကိုလာပြီး အကြွေလဲဖို့ရှိတယ်။ လဲမလားပေါ့။ ဆိုင်ကမန်နေဂျာကလည်း ဒီနေ့မှနားရက်ဖြစ်နေတော့ လက်ထောက်မန်နေဂျာက အကြွေလဲမယ်ပေါ့။ ၅၀ တန် ၁၀၀ တန် ၂၀၀ တန်ပေါ့။ အဲဒါနဲ့ အင်္ကျီအဖြူနဲ့လူက အလှူခံပုံးဖွင့်တာ။ အလှူခံပုံးထဲငွေသွားရေရမယ်။ ငွေက ၆ သိန်းလောက်ရှိတယ်ဆိုပြီး ပြောတော့ ဆိုင်ကဝန်ထမ်းကလေး ၂ ယောက်ကို ငွေ ၆ သိန်းပေးပြီး အထက်ပါ အကျီအဖြူလက်ရှည်နဲ့ လူနဲ့ထည့်ပေးလိုက်တော့ လှည်းတန်းစျေးနားအရောက် ကလေးတွေဆီကငွေကိုယူပြီးပျောက် ခြင်းမလှပျောက်သွားတာပါ” ဟု အထက်ပါ ဆိုင်က ဖော်ပြထားသည်။

အဆိုပါ အမျိုးသားကို ရှာမတွေ့သည့်အခါမှ အလိမ်ခံရမှန်း သိကြခြင်းဖြစ်ပြီး ဆိုင်ထဲအထိ ယခုကဲ့သို့ လာ၍ လိမ်ခြင်းမှာ အရမ်းအတင့်ရဲနေခြင်း ဖြစ်ကြောင်းလည်း အဆိုပါ ဆိုင်က အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *