၂၈. ၈. ၂၀၂၃
Written by Ye Kyaw

သွင်းကုန်များကို ပြင်ပဒေါ်လာပေါက်ဈေးနှင့် တွက်ချက်မရောင်းချရန် သတိပေးထားသည့်အပြင် ဒေါ်လာဈေးနှုန်းပါ ကျဆင်းနေသော်လည်း ပြည်တွင်း စက်သုံးဆီဈေး ကျဆင်းလာခြင်းမရှိသေးဘဲ အမြင့်ဈေးဖြစ်သည့် ဒီဇယ်တစ်လီတာ ကျပ် ၂၅၀၀ ကျော်နှင့် ဓာတ်တစ်လီတာ ၂၄၅၀ ဝန်းကျင်မှာပင် ဆက်ရှိနေကြောင်း ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်များမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းမှစ၍ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ယခင်အမြင့်ဈေးထက် ထပ်မံမြင့်တက်ခဲ့ပြီး ဩဂုတ်လ ၁၁ ရက်တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၂,၃၁၀၊ ဓာတ်ဆီ ၉၅ တစ်လီတာ ကျပ် ၂,၄၂၀၊ ဒီဇယ်ရိုးရိုး တစ်လီတာ ကျပ် ၂,၅၀၀၊ ပရီမီယံဒီဇယ် တစ်လီတာ ၂,၅၇၅ ကျပ်အထိ မြင့်တက်လာ၍ ဒီဇယ်တစ်လီ ကျပ် ၂,၅၀၀ ကျော်နှင့် ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၂,၄၀၀ ကျော်သို့ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ဩဂုတ်လ ၁၉ ရက်တွင် ဗဟိုဘဏ်ဦးဆောင်၍ မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်၊ ညီနောင်အသင်းများနှင့် တွေ့ဆုံဆွေးနွေးမှုများအရ ဗဟိုဘဏ်မှ ထုတ်ရောင်းပေးနေသည့် တစ်ဒေါ်လာ ကျပ် ၂,၉၂၀ ဖြင့် ဝယ်ယူရရှိသည့် ကုန်ပစ္စည်းများကို ပြင်ပအမြင့်ဈေးနှုန်းနှင့် တွက်ချက်ကာ ပြန်လည်ရောင်းချနေမှုများကို တွေ့ရှိရကြောင်း၊ ယင်းကဲ့သို့ ပြင်ပပေါက်ဈေးအမြင့်နှုန်းနှင့် တွက်ချက်ရောင်းချသည့် သွင်းကုန်လုပ်ငန်းရှင်များကို ဝိသမလောဘသားများအဖြစ် သတ်မှတ်ပြီး ထိုက်သင့်သည့် ဆောင်ရွက်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SAC ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဩဂုတ်လ ၂၂ ရက်တွင် သတိပေးပြောကြားခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-08-28_12-54-21-1024x768.jpg

ယင်းကဲ့သို့ သတိပေးမှုများကြောင့် တစ်ဒေါ်လာ ၄၀၀၀ ခန့်ဖြစ်ပေါ်နေသည့် ဒေါ်လာဈေးနှုန်းသည် ဩဂုတ် ၂၅ ရက်တွင် ကျပ် ၃,၇၀၀ အောက်သို့ ကျဆင်းခဲ့မှုများရှိလာသော်လည်း ပြည်တွင်း စက်သုံးဆီဈေးနှုန်းသည် ကျဆင်းလာခြင်းမရှိသေးဘဲ ဒီဇယ်တစ်လီ ကျပ် ၂,၅၀၀ ကျော်နှင့် ဓာတ်ဆီတစ်လီတာ ကျပ် ၂,၄၀၀ ကျော်မှာပင် ဆက်လက်ရှိနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်း ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၂,၅၀၀ အောက်နှင့် ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၂,၄၀၀ အောက်သို့ ကျဆင်းခဲ့မှုများရှိခဲ့သော်လည်း ဩဂုတ်လ ၂၈ ရက်(ယနေ့)တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၂,၃၁၀၊ ဓာတ်ဆီ ၉၅ တစ်လီတာ ကျပ် ၂,၄၄၀၊ ဒီဇယ်ရိုးရိုး တစ်လီတာ ၂,၄၅၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂,၅၃၀ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *