၂၈. ၈. ၂၀၂၃

Written by Nay Aung

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အာသံရိုင်ဖယ်တပ်ရင်းသည် အိန္ဒိယနိုင်ငံအတွင်းသို့ ကွမ်းသီးများ တရားမဝင်တင်ပို့ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသားများနှင့် ကုန်ကားများ၊ ကွမ်းသီးများကို ပြီးခဲ့သောရက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယအခြေစိုက်သတင်းများက ဖော်ပြထားသည်။

အာသံရိုင်ဖယ်တပ်ရင်းသည် နိုင်ငံတကာဈေးကွက်တွင် အိန္ဒိယရူပီး သိန်း ၅၀၀ နီးပါးတန်ဖိုးရှိ ကွမ်းသီးအိတ်ပေါင်း ၃၉၉ အိတ်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။ မြန်မာနိုင်ငံသားသုံးဦးသည် ကွမ်းသီးအိတ်ပေါင်း ၂၀၉ အိတ်ကို ကုန်ကားသုံးစီးနှင့် အိန္ဒိယနိုင်ငံပိုင်နက်အတွင်း တရားမဝင်တင်ပို့ရန် ကြိုးပမ်းခဲ့ကြောင်း၊ ၎င်းတို့ကို အိန္ဒိယနှင့်မြန်မာနယ် မှတ်တိုင် BP ၉၉ နားတွင် ဖမ်းဆီးရမိခဲ့ပြီး ကွမ်းသီးအိတ် ၂၀၉ အိတ်၏ နိုင်ငံတကာဈေးကွက်ပေါက်ဈေးက အိန္ဒိယရူပီး သိန်း ၂၅၀ ကျော်တန်ဖိုးရှိကြောင်း အာသံရိုင်ဖယ်တပ်ရင်းကပြောသည်။

အိန္ဒိယ အာသံရိုင်ဖယ်တပ်ရင်းသည် ဖမ်းဆီးရမိခဲ့သော မြန်မာနိုင်ငံသား သုံးဦးနှင့်အတူ ကုန်ကားများ၊ ကွမ်းသီးများကို မဏိပူရပြည်နယ် သစ်တောဌာနကို လွှဲပြောင်းပေးခဲ့ပြီး စစ်ဆေးမှုများ ထပ်မံလုပ်ဆောင်မည်ဖြစ်သည်။ ဖမ်းဆီးရမိသော မြန်မာနိုင်ငံသားများ၏အမည်ကို အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိကြောင်း အိန္ဒိယသတင်းဌာန၏ဖော်ပြချက်အရသိရသည်။

ထိုအပြင် အိန္ဒိယ အာသံရိုင်ဖယ်တပ်ရင်းသည် ပြီးခဲ့သောရက်ပိုင်းတွင် နယ်ခြားမှတ်တိုင် BP -၉၈ နားတွင် အိန္ဒိယနိုင်ငံထဲသို့ ကွမ်းသီးများ တရားမဝင်တင်ပို့ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသား သုံးဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့သည် ကုန်ကားသုံးစီးနှင့်အတူ ကွမ်းသီးအိတ်ပေါင်း ၁၉၀ ကျော်ကိုတင်ပို့ရန် ကြိုးပမ်းခဲ့ပြီး ကွမ်းသီးအိတ်များ၏ တန်ဖိုးက နိုင်ငံတကာဈေးကွက်တွင် အိန္ဒိယရူပီး သိန်း ၂၅၀ နီးပါးတန်ဖိုးရှိကြောင်း ထပ်မံသတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိခဲ့သောကုန်ကားနှင့် ကွမ်းသီးအိတ်ပေါင်း ၁၉၀ကျော်နှင့်အတူ မြန်မာနိုင်ငံသားများဖြစ်သော ဝိုင်းဝိုင်း၊ အောင်ရှန်၊ သန်းထွန်း ဆိုသူ သုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကို အသေးစိတ်ထပ်မံစစ်ဆေးရန်အတွက်မဏိပူရပြည်နယ် Kamjong မြို့ ရဲတပ်ဖွဲ့ထံ ထပ်မံလွှဲပြောင်းပေးခဲ့သည်။

Ref- —north-east-news

Leave a Reply

Your email address will not be published. Required fields are marked *