၂၈. ၈. ၂၀၂၃
Written by Peya

ကမ္ဘာ့အမွေအနှစ်ဒေသပုဂံမှ နံရံဆေးရေး ပန်းချီလက်ရာရှိသော ဘုရားပေါင်း ၄၁၆ ဆူရှိ နံရံဆေးရေးပန်းချီများကို မှတ်တမ်းတင် စာရင်းကောက်ယူမှု စတင်နေကြောင်းနှင့် ပျက်စီးရသည့် အကြောင်းအရင်းကို ရှာဖွေပြီးထိန်းသိမ်းသွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက MT News သတင်းဌာနသို့ ပြောသည်။

စာရင်းကောက်ယူပြီးပါက နံရံဆေးရေးပန်းချီများ၏ အခြေအနေကို ဆန်းစစ်ကာ ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“အခုမှ စကောက်တာ ဆိုတော့ ပြောလို့တော့ မရသေးဘူး။ ပျက်စီးတာတွေကတော့ နှစ်ပေါင်းကလည်း တစ်ထောင်ကျော် နီးပါးဆိုတော့ ပျက်တာတွေ ရှိတယ်။ ကွာတာတို့ ဆေးမှိန်တာတို့ အရင်တုန်းက ထုံးတွေ သုတ်ထားတာတို့ အခြေအနေ အမျိုးမျိုး ရှိတယ်။ ပြန်လည်ပြီး ထိန်းသိမ်းသွားဖို့ ရေရှည် ထိန်းသိမ်းသွားဖို့ပေါ့နော်” ဟု ဦးကျော်မျိုးဝင်း က ဆိုသည်။

လက်ရှိတွင် မည်မျှ အတိုင်းအတာအထိ ပျက်စီးနေသည်ဆိုခြင်းကို မသိရသေးဘဲ စာရင်းကောက်ယူပြီးမှသာ ပြောနိုင်မည့် အခြေအနေဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“စာရင်းကတော့ သတင်းအချက်အလက်ကောက်ယူတာပေါ့။ နံရံဆေးရေးပန်းချီရှိတဲ့ ဘုရားတွေက ဘယ်လောက် အတိုင်းအတာအထိ ပျက်စီးသွားပြီလဲပေါ့နော်။ ပျက်စီးတဲ့ ဟာကို ဘယ်လို ပျက်စီးတာလဲပေါ့။ ခြတွေ ဝင်လို့ ပျက်စီးတာလား။ လူတွေ လုပ်လို့ ပျက်စီးတာလား။ ဒါမှမဟုတ် လင်းနို့တွေကြောင့်လားပေါ့။ အဲ့ဒီ အချက်အလက်ကို ကောက်တာပေါ့။ အချက်အလက်ကို မူတည်ပြီး ထိန်းသိမ်းဖို့ Case ကို ခွဲရမှာပေါ့နော်” ဟု ဦးကျော်မျိုးဝင်းက ရှင်းပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *