၂၈. ၈. ၂၀၂၃
Written By Thandar

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ၁၃ ကြိမ်မြောက်အလှူအဖြစ် ဆန်၊ ဆီ၊ စားသောက်ကုန်တချို့ ရုပ်ရှင်လောကသားတွေကို ဒီနေ့ ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ရုပ်ရှင်အစည်းအရုံးမှာ စတင်ထုတ်ဝေ ပေးနေလျှက်ရှိပါတယ်။

“မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေပြီးတော့ ၁၃ ကြိမ်မြောက် အလွှာပေါင်းစုံအတွက် လှူဒါန်းပေးတဲ့အလှူလေးပါ။ ဒီနေ့ကတော့ အုပ်ချုပ်ဖြန့်ချိအလွှာအတွက် ပထမဆုံးပေးတဲ့နေ့လေးပါ။ အကိုတို့ အလွှာမှာ လူဦးရေ ၃၀၀ ကျော်လောက် ရှိပေမယ့် တကယ်တမ်း ချို့တဲ့ပြီး ထုတ်တဲ့သူကတော့ ၁၄၀ လောက်ပဲ ရှိတယ်။ ငွေကြေးကျတော့ တခြားအလွှာတွေကတော့ ငွေကြေးပါမယ်မထင်ဘူး။ ကျွန်တော်တို့ အလွှာလေးကတော့ ဒီလိုပဲ ပိုက်ဆံလေးတွေကို စုထားတာပေါ့။ စုထားတဲ့ ပိုက်ဆံလေးတွေကို အကိုတို့ အလွှာအနေနဲ့ တစ်ယောက်ကို သုံးသောင်းစီ ချီးမြှင့်တာပေါ့။ အဲ့ဒီလိုမျိုး ငွေကြေးလှူဒါန်းတာက ၇ ကြိမ်လောက်ရှိပါပြီ။ ကိုဗစ်စဖြစ်ကတည်းက သုံးလတစ်ကြိမ်၊ လေးလတစ်ကြိမ်လောက် ကိုယ့်အလွှာက သူတွေကို သုံးသောင်းစီပေးခဲ့တာ အခုဆို ၇ ကြိမ်လောက် ရှိပါပြီ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တွဲဘက်အတွင်းရေးမှူး- ၂ ဦးလှသိန်းက MT News ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-28_11-18-53-768x1024.jpg

ရုပ်ရှင်အစည်းအရုံးရဲ့ ထောက်ပံ့ဝေငှမှုအနေနဲ့ နံနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီအထိ အုပ်ချုပ်အလွှာနဲ့ ဖြန့်ချိအလွှာတို့ကို ကျပ် ၃၀၀၀၀ ကိုလည်း ထောက်ပံ့ပေးအပ်မယ်လို့သိရပါတယ်။ နေ့လည် ၁ နာရီကနေ ညနေ ၃ နာရီခွဲအထိ ဗီဒီယိုအလွှာ၊ အဓိကသရုပ်ဆောင်အလွှာနဲ့ ဒါရိုက်တာအလွှာတို့ကို အချိန်သတ်မှတ်စတင်ပေးအပ်မှာ ဖြစ်ပါတယ်။

အဆိုပါလှူဒါန်းမှူမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (မန္တလေး)ရဲ့ အောင်သီရိထုတ်လုပ်ရေးက အမှူဆောင် ကိုသိန်းရွှေက ကြက်သွန်နီ အိတ် ၁၅၀၊ ဦးသိန်းဌေး(Triple Six ရုပ်ရှင်ထုတ်လုပ်ရေး)က ကြက်သွန်နီ ၃၅၄ ပိဿာ၊ သရုပ်ဆောင် ဆောင်းယွန်းစံက ကြက်သွန်နီ ၆၀ ပိဿာ၊ အကယ်ဒမီ ခန့်စည်သူက ကြက်သွန်နီ ၅ ပိဿာ ပါဝင် လှူဒါန်းခဲ့ကြပါတယ်။ လာရောက်ထုတ်ယူသူ ရုပ်ရှင်လောသား တစ်ဦးကို ဆန် ၆ ပြည်၊ ဆီတစ်ဘူး၊ ဘဲဥ ၁၀ လုံး၊ ကြက်သွန်နီ တို့ကို ပေးအပ်တာပဲဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-28_11-18-54-4-1024x576.jpg

“အဖွဲ့အနေနဲ့ ဘဏ်မှာ အကောင့်ဖွင့်ထားတယ်။ သုံးယောက်လောက် အကောင့်ဖွင့်ထားတော့ ဘဏ်အတိုးလေးတွေ ရတယ်။ အဲဒီ ဘဏ် အတိုးလေးတွေ ရတာနဲ့ လှူဒါန်းတာပါ။ အခုအချိန်မှာ ကုန်ဈေးနှုန်း တွေကလည်း ကြီးနေတော့ အခုလိုလေး ပိုက်ဆံ ၃ သောင်းရလည်း သူတို့အတွက် အထောက်အပံ့လေး ဖြစ်တာပေါ့”လို့ သူက ဆက်ပြောပါတယ်။

ဩဂုတ် ၂၉ ရက် နံနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီအထိ ဇာတ်ညွှန်းအလွှာနဲ့ တည်းဖြတ်အလွှာ၊ နေ့လည် ၁ နာရီကနေ ညနေ ၃ နာရီခွဲအထိ ပြဇာတ် နောက်ခံ တေးဂီတအလွှာနဲ့ ထုတ်လုပ်သူအလွှာ၊ ဩဂုတ် ၃၀ ရက် နံနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီအထိ စက်မှုအလွှာ (၇၀၀၁ – ၇၄၇၇)၊ နေ့လည် ၁ နာရီကနေ ညနေ ၃ နာရီခွဲအထိ စက်မှု (၇၄၇၈ – ၇၉၅၄)၊ ဩဂုတ် ၃၁ ရက် နံနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီအထိ ဇာတ်ပို့/ဇာတ်ရံအလွှာ (၄၀၀၁-၄၅၀၀)၊ နေ့လည် ၁ နာရီကနေ ညနေ ၃ နာရီခွဲအထိ ဇာတ်ပို့/ဇာတ်ရံအလွှာ (၄၅၀၁ – ၄၉၉၉) တို့ကို ဆက်လက် ထုတ်ဝေပေးသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *