ဆေးရုံတင်ကုသခံနေရခြင်းကိုလည်း အထူးအခွင့်အရေးပေးခြင်းဟုစွပ်စွဲခံနေရ

၂၈. ၈. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်းသက်ဆင် ရှီနာဝါထရာအနေဖြင့် ပြိုင်ဘက်များက ကန့်ကွက်မှုများရှိနေသော်လည်း ဘုရင်မင်းမြတ်ထံမှ လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံတောင်းဆိုနိုင်ကြောင်း အကျဉ်းဦးစီးဌာန အာဏာပိုင်များက ဩဂုတ် ၂၇ ရက်တွင် ပြောခဲ့ကြသည်။ သက်ဆင်၏ ပြိုင်ဘက်များကမူ ၎င်းမှာ တော်ဝင်မိသားစုအား ပုပ်ခတ်စော်ကားမှုဖြင့် စုံစမ်းစစ်ဆေးခံနေရသည်ဟုလည်း ပြောခဲ့ကြ သည်။

ဘန်ကောက်မြို့ရှိ Remand Prison အကျဉ်းထောင်အုပ်ချုပ်ရေးမှူး နက်စ်တီး တုံပလတ်က အခြားသောအကျဉ်းသားများကဲ့သို့ပင် သက်ဆင်အနေဖြင့် ထိုင်းဘုရင်ထံမှ လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားနိုင်ပြီး ၎င်းနှင့် ၎င်း၏မိသားစုဆွေမျိုးများကလည်း ထိုတောင်းဆိုလျှောက်ထားချက်ကို ထောက်ခံရန် လုံလောက်သော အကြောင်းပြချက်များကိုကြိုတင်ပြင်ဆင်ရန် အခွင့်အရေးရှိကြောင်း ပြောခဲ့ကြသည်။

၎င်းက ထိုသို့ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် အသနားခံလျှောက်ထားမှုက အကျဉ်းကျခံနေရသော ထောင်မှစတင်ရမည်ဖြစ်ကြောင်း၊ အကျဉ်းထောင်အာဏာပိုင်များက ထိုလျှောက်ထားမှုအားစစ်ဆေးကာ အကျဉ်းဦးစီးဌာနသို့ဆက်လက်ပေးပို့ရမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ဆက်လက်၍ ထိုလျှောက်ထားမှုက တရားရေးဝန်ကြီးဌာန၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့မှတစ်ဆင့် နောက်ဆုံးတွင် ဘုရင်မင်းမြတ်၏အတွင်းရေးမှူးရုံးသို့ ရောက်ရှိပြီး ထိုရုံးက တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်အတွက် အဆိုပြုလျှောက် ထားမည်ဖြစ်သည်။

မစ္စတာ နက်စ်တီးက ရဲတပ်ဖွဲ့ ဆေးရုံတွင် တင်ထားသော သက်ဆင်ထံ ဩဂုတ်လ ၂၈ ရက်မှစ၍ ဧည့်သည်များလာရောက်ခွင့်ပြုမည်ဟုလည်း ပြောခဲ့သည်။ သို့သော် နေ့စဉ်လာရောက်လည်ပတ်တွေ့ဆုံမည့်သူကို အကျဉ်းဦးစီးဌာနက ၁၀ ဦးအထိသာ ကန့်သတ်ထားကြောင်းလည်း သိရသည်။

Thaipakdee ပါတီကမူ သက်ဆင်မှာ တော်ဝင်မိသားစုအား ပုပ်ခတ်စော်ကားမှုဖြင့်တရားစွဲခံခဲ့ရ၍ ၎င်းအား ဘုရင်မင်းမြတ်ထံမှ လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားမှုကို ကန့်ကွက်ကြောင်း ပြောခဲ့သည်။

သက်ဆင်မှာ Remand Prison အကျဉ်းထောင်၌ တစ်ည နေခဲ့ရပြီးနောက် ကျန်းမာရေးအခြေအနေကြောင့် ရဲတပ်ဖွဲ့ဆေးရုံသို့ပို့ပေးခဲ့ခြင်းဖြစ်သည်။ ဆရာဝန်များက ဆေးစစ်ဆေးမှုများအပြီးတွင်လည်း သက်ဆင်အနေဖြင့် ဆေးရုံတင်ကုသရန်လိုအပ်ကြောင်း ပြောခဲ့ကြသော်လည်း အချို့သော ဝေဖန် ရေးသမားများက သက်ဆင်အနေဖြင့် ဆေးရုံတွင် အထူးအခွင့်အရေးများရရှိနေသလောဟုလည်း မေးခွန်းထုတ်ခဲ့ကြသည်။ ၎င်းအား ဆန့်ကျင်သူများက ဤသို့ ဆေးရုံတင်၍ သီးသန့်အခွင့်အရေးပေးရလောက်သည့်အထိ သက်ဆင်ကျန်းမာရေးဆိုးဝါးမှုကို သက်သေပြရန် တောင်းဆိုခဲ့ကြသေးသည်။

Ref——Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *