၂၆. ၈. ၂၀၂၃
Written by Phyo Wei

၁။

ပြီးခဲ့တဲ့ငါးနှစ် ၂၀၁၈ လောက်ကသာ ကမ္ဘာတဝှမ်းလုံးဟာ ကပ်ရောဂါကြောင့် အလုပ်တွေပြုတ်၊ ကုမ္ပဏီတွေပျက်၊ လေကြောင်းနဲ့ ဟိုတယ်လုပ်ငန်းအကြီးကြီးတွေ ဒေဝါလီခံရမယ်လို့ ပြောခဲ့ကြရင် ဘယ်သူကမှ ယုံကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း ၂၀၁၉ ခုနှစ်အကုန်ပိုင်းမှာတော့ အဲဒီလို တကယ်ဖြစ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်လို့ ခေါ်ခဲ့တဲ့ ကပ်ရောဂါဘေးဆိုးကြီးကြောင့် ကမ္ဘာတခွင်လုံးပျက်မတတ်ဖြစ်ခဲ့သလို ကမ္ဘာ့ခရီးသွားလုပ်ငန်းတစ်ခုလုံးနီးပါး ပြိုလဲပျက်စီးခဲ့ရတာပါ။

ဒီဖြစ်စဉ်ရဲ့ ဂယက်ရိုက်မှုဟာ မြန်မာနိုင်ငံမှာလည်း လိမ့်နေအောင် ခံခဲ့ရတာပါ။ လုပ်ငန်းတွေက လူလျှော့၊ လစာတွေလျှော့၊ ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းအများစုရပ်သွားခဲ့ရသလို ကိုဗစ်မှာနေနည်းထိုင်နည်းတစ်ခုဖြစ်တဲ့ Social Distancing ကြောင့် လူတွေ အပြင်မထွက်ရလို့ လူမှုဘ၀လည်ပတ်မှုဆိုင်ရာစနစ်လည်း မကြာခဏရပ်ဆိုင်းခဲ့ရပါသေးတယ်။

ဒါ့အပြင် တစ်ဖက်မှာလည်း နိုင်ငံ့အပြောင်းအလဲအတွက် အရေးပါတဲ့ ရွေးကောက်ပွဲကာလဖြစ်ခဲ့ချိန်မှာ အာဏာရရှိထားမှုကို အသာစီးရယူထားပြီး ပြိုင်ဘက်အမတ်လောင်းတွေကို ကန့်သတ်၊ ကိုယ့်ဘက်က မဲဆွယ်မဲ့အမတ်လောင်းတွေနဲ့ လူစုတွေကို အဆီးအတားမရှိ ခွင့်ပြုခဲ့တဲ့ အာဏာအလွဲသုံးစားမှုကို လုပ်ခဲ့တာ မျက်မြင်ကြုံခဲ့ကြရပါတယ်။ ဒီလိုမျိုးလုပ်ခဲ့တဲ့ အကျိုးဆက်တွေကြောင့် အာဏာပဋိပက္ခဖြစ်ပွားခဲ့တာကြောင့်လည်း ကိုဗစ်ကြောင့် ယိုင်နဲ့သွားတဲ့ မြန်မာနိုင်ငံဟာ ရေနစ်သူ ဝါးကူအနှစ်ခံရတဲ့ဖြစ်စဉ်လည်း ကြုံခဲ့သေးတာပါ။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ၂၀၂၁ ခုနှစ် ၈ လပိုင်းဟာ မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းရိုက်ခတ်နေချိန်ပါ။ နိုင်ငံရေးမကျေလည်မှုကို အကြောင်းပြပြီး NLD ထောက်ခံတဲ့ ဆရာဝန်တချို့ဟာ ကိုဗစ်ကာကွယ်ဆေးတွေအပါအဝင် ဆေးဝါးပစ္စည်းတွေကို ဖျက်ဆီးနေရာပြောင်းတာ၊ ကိုဗစ်ကာကွယ်ဆေးမထိုးရဲအောင် အဲဒီဆရာဝန်တချို့ကပဲ SAC ထိုးပေးမဲ့ ဆေးဝါးတွေကို သူတို့ဖျက်ဆီးထားကြောင်း၊ အာနိသင်မရှိတော့ကြောင်း ဝါဒဖြန့်ချိတာ၊ NLD ထောက်ခံတဲ့လုပ်ငန်းရှင်တွေဟာ ကိုဗစ်စင်တာတွေ ပိတ်သိမ်းပြီး ဆန္ဒပြတာ၊ ကိုဗစ်ကာကွယ်ဆေးထိုးပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးထိုးတဲ့ပြည်သူတွေကို “သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်အောင် လုပ်ဆောင်ပေးသူဆိုတဲ့” ဆိုတဲ့ စွပ်စွဲချက်နဲ့ NUG၊ PDF တွေက ဗုံးခွဲသတ်ဖြတ်တာတွေကြောင့် လူထုက ကိုဗစ်ကာကွယ်ဆေးတွေကို မထိုးကြလို့ တတိယလှိုင်းမှာ ပြည်သူအများအပြားသေခဲ့ရသလို ကိုဗစ်နဲ့ ဆက်စပ်တဲ့ ထိုးဆေးတွေ၊ အောက်ဆီဂျင်တွေဆိုရင်လည်း သိန်းဆယ်ချီကနေ သိန်းရာချီအထိ မြင့်တက်အောင် ဝိသမလောဘသားတွေ စျေးကစားခံခဲ့ရသေးတာပါ။

This image has an empty alt attribute; its file name is photo_2023-08-26_15-29-43-1024x766.jpg

၂။

၂၀၁၉ ဒီဇင်ဘာ ၃၀ မှာ ကိုဗစ်ကူးစက်လူနာ ၂ ယောက်နေ စလိုက်တာဟာ ဒီနေ့ ကမ္ဘာကြီးမှာ ကိုဗစ်ကူးစက်ခံထားရပြီးပြီလို့ အတည်ပြုထားတဲ့ အရေအတွက်က ဩဂုတ် ၁၉ ရက်အထိ တစ်ကမ္ဘာလုံးမှာ လူ ၇၆၉၈ သိန်းကျော် ရှိပါတယ်။ ကိုဗစ်ကြောင့် သေဆုံးရသူအရေအတွက်က ၆၉ သိန်းခွဲကျော်ပါ။

မြန်မာပြည်မှာဆိုရင်လည်း ဒီနေ့အထိ ကိုဗစ်အတည်ပြုလူနာ ၆၄၁၁၆၂ ဦးရှိပြီး ပြန်လည်သက်သာတဲ့လူနာက ၆၁၉၉၂၂ ဦးပါ။ ကိုဗစ်ကြောင့်သေဆုံးသူလူနာကတော့ စာရင်းအရ ၁၉၄၉၄ ဦးရှိပြီး ကိုဗစ်နဲ့သေဆုံးသူ မရှိသလောက်ဖြစ်နေတာ လချီကြာနေပြီဖြစ်သလို လူထုဟာ ကိုဗစ်ဒဏ်ကိုခံနိုင်တဲ့ ရောဂါပြီးတဲ့အဆင့်ကို ရောက်လုနေတဲ့ အခြေအနေပါ။

ဒါပေမဲ့လည်း အဲဒီသေဆုံးမှုတွေ ကူးစက်မှုနှုန်းတွေက ၂၀၂၂ ဒီဇင်ဘာကစပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လျော့ကျလာတာပါ။ ဘယ်လောက်အထိ လျော့ကျလာသလဲမြင်သာအောင် ပြောရမယ်ဆိုရင် ၂၀၂၂ ဒီဇင်ဘာ ရှေ့ပိုင်းမှာ တစ်နေ့ကို လူဦးရေသန်း ဆယ်နဲ့ချီ ကူးစက်ခံနေရရာကနေ သိန်း ဂဏန်းလောက်အထိ ကျဆင်းလာတဲ့အပြင် သေဆုံးမှုနှုန်းကလည်း ကျဆင်းလာခဲ့ပြီး လက်ရှိအချိန်မှာဆိုရင် ကိုဗစ်ကြောင့် သေဆုံးသူ မရှိသလောက် ဖြစ်နေပါပြီ။

မြန်မာနိုင်ငံမှာဆိုရင်လည်း ၂၀၂၁ ကိုဗစ်တတိယလှိုင်းအပြီးမှာပဲ NUG ဟာ သူပြောခဲ့သလို ကိုဗစ်ကာကွယ် ဆေးအမှန်တကယ်ထိုးပေးနိုင်မှုမရှိတာ၊ ပြည်သူတွေ သောက်သောက်လဲသေပြီး မျက်စိရှေ့တင် ကိုယ်ချစ်ရတဲ့ မိသားစုဝင်က ဆေးရုံရောက်၊ ခဏနေ သေဆုံးသွား။ တချို့ဆို သေတယ်လို့ပဲ သိလိုက်ရပြီး အလောင်းကိုတောင် မမြင်တွေ့လိုက်ရတာကို မခံစားနိုင်ကြတဲ့အဆုံး၊ သေဘေးကိုကြောက်လန့်မှုအောက်မှာ SAC က ထိုးပေးတဲ့ ကိုဗစ်ကာကွယ်ဆေးကိုပဲ ထိုးကြတာကြောင့် အခုဆိုရင် ကိုဗစ်စတုတ္တလှိုင်း၊ ပဉ္စမလှိုင်းနဲ့ ထပ်တွေ့တဲ့ ကိုဗစ်ကပ်ရောဂါပိုးအသစ်မှန်သမျှ ကာကွယ်နိုင်တဲ့အခြေအနေကို ရောက်လာနေတာ၊ လူဦးရေအားလုံးနီးပါး ကာကွယ်ဆေးထိုးထားပြီးတာကြောင့် အစိုးရက ကိုဗစ်ကာကွယ်ဆေးကို လူတိုင်း လာထိုးဖို့ ဖိတ်ခေါ်နေပါပြီ။

This image has an empty alt attribute; its file name is photo_2023-08-26_15-29-45-4-1024x746.jpg

၃။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ထိုင်းနိုင်ငံက သု၀ဏ္ဏဘူမိလေဆိပ်(Suvarnabhumi Airport)၊ ရုရှားနိုင်ငံ မော်စကိုမြို့က ရှီရေမင့်ရီဗိုလေဆိပ်(Sheremetyevo Airport)၊ စိန့်ပီတာစဘတ်ချ်မြို့က ပေါ့ကိုဗိုလေဆိပ်(Pulkovo Airport)နဲ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့က ပူးဒေါင်းလေဆိပ်(Pudong Airport)ကို စာရေးသူရောက်ခဲ့ပါသေးတယ်။ မြန်မာနိုင်ငံက မထွက်ခွာခင်မှာ သုံးနိုင်ငံသွားရမှာဖြစ်လို့ လေယာဉ်မတက်ခင် ကိုဗစ်စစ်ခဲ့ရပေမဲ့ စတင်ထွက်ခွာတဲ့ ထိုင်းနိုင်ငံမှာတော့ လူဦးရေ ထောင်သောင်းချီဝင်ထွက်နေတာတောင် လေဆိပ်ဝန်ထမ်းတချို့ကလွဲလို့ Mask တပ်ထားသူမရှိတော့သလို ကိုဗစ်ရောဂါကင်းစင်ကြောင်း ကတ်ပြားကိုလည်း တောင်းကြည့်ဖို့ဝေးလို့ ကိုင်တောင် မကြည့်ပါဘူး။ ရုရှားနိုင်ငံက ရှီရေမင့်ရီဗိုလေဆိပ်နဲ့ ပေါ့ကိုဗိုလေဆိပ်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ကမ္ဘာလှည့်ခရီးသွား ထောင်သောင်းချီဟာ Mask တပ်ထားသူမရှိသလို ရုရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဝန်ထမ်းတွေကလည်း ကိုဗစ်ဆေးထိုးထားလား၊ ကိုဗစ်ရောဂါရှိသလား လုံး၀မမေးဘဲ လိုအပ်တာတွေစစ်ဆေးပြီး သွားလာခွင့်ပြုလိုက်တာပါ။

တရုတ်နိုင်ငံကို သွားရမယ်ဆိုတဲ့အချိန်မှာတော့ လေယာဉ်မတက်ခင် ၄၈ နာရီအတွင်း ကိုဗစ်စစ်ဆေးဖို့လိုအပ်တယ်ဆိုလို့ စိန့်ပီတာစဘတ်ချ်မှာ ကိုဗစ်ကင်းရှင်းကြောင်း SWAB Test ထပ်စစ်ရပေမဲ့လည်း တရုတ်လ၀က ကလည်း ထိုနည်းလည်းကောင်းပါပဲ။ ကိုဗစ်ဆေးထိုးထားသလား။ ကိုဗစ်ရောဂါရှိသလား။ ဆေးစစ်ချက်လက်မှတ်ပြပါ။ ဘာတစ်ခုမှ တောင်းကြည့်တာ မေးတာမရှိဘဲ သူ့နိုင်ငံထဲကို ဝင်တဲ့အချိန်မှာပဲ လိုအပ်တဲ့ ပုံမှန်စစ်ဆေးမှုတွေကိုပဲ လုပ်တာ တွေ့ရတာပါ။

ထိုင်း၊ တရုတ်၊ ရုရှားတင်မကပါဘူး။ အမေရိကန်တို့၊ အင်္ဂလန်တို့ တခြားသော ကမ္ဘာ့နိုင်ငံတွေကလည်း Mask မတပ်တော့တာ ၂၀၂၂ ပထမသုံးလလောက်ကတည်းက ဘောလုံးပွဲတွေမှာ သတိထားကြည့်မိခဲ့ပါသေးတယ်။ ခြုံပြောရမယ်ဆိုရင်တော့ ကမ္ဘာကြီးဟာ ကိုဗစ်ကပ်ဆိုးဘေးက လွတ်မြောက်လာခဲ့ပြီဆိုတာ အသေအချာဖြစ်သလို ခရီးသွားမြို့တွေဖြစ်တဲ့ ဘန်ကောက်တို့၊ စိန့်ပီတာစဘတ်ချ်တို့လို မြို့ကြီးတွေ၊ မော်စကိုလို၊ ရှန်ဟိုင်းလိုမြို့ကြီးတွေဟာ တစ်နေ့တစ်နေ့မှာ လူဦးရေသောင်းပေါင်းများစွာကို ကမ္ဘာအနှံ့ဆီ ခရီးသည်ပို့ဆောင်ရင်း ပုံမှန်လူနေမှုဘ၀ထဲမှာ ပြန်လည် လည်ပတ်နေပါပြီ။ ဒီသုံးနိုင်ငံဟာ တစ်နှစ်မှာ ကမ္ဘာလှည့်ခရီးသွား သန်း ၂၀၀ ကျော် အဝင်အထွက်ရှိနေတာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံကတော့ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုဟာ မရှိသလောက်ဖြစ်နေဆဲဆိုတာကိုလည်း မျက်မြင်ကြုံခဲ့ရပါတယ်။

ကိုဗစ်ကပ်ကမ္ဘာထဲကနေ ကမ္ဘာကြီးဟာ ရုန်းကန်နိုးထလာမှုမှာ မြန်မာနိုင်ငံကလည်း ပါဝင်လာပေမဲ့ မြန်မာနိုင်ငံဟာ ပြည်တွင်းပဋိပက္ခတွေကြောင့် နိုးတစ်ဝက်ဖြစ်နေဆဲပါ။ ကမ္ဘာ့အမြင်မှာ မြန်မာနိုင်ငံဟာ နေရာအနှံ့စစ်ဖြစ်နေပြီး မသွားသင့်တဲ့နိုင်ငံဆိုတာမျိုးကို အမေရိကန်တို့ ဗြိတိန်တို့က ဦးဆောင်ပြီး ဝါဒဖြန့်နေကြသလို နေ့စဉ်နဲ့အမျှ မိုင်းကွဲမှုတွေ၊ အပြစ်မဲ့ပြည်သူ တစ်နေ့ ၅ ယောက်လောက် သတ်ဖြတ်ခံနေရတာတွေ၊ ကမ္ဘာ့သတင်းစာမျက်နှာမှာ အကောင်းရေးတာ မရှိတဲ့အခြေအနေတွေနဲ့ တရုတ်နဲ့ ထိုင်းနယ်စပ်က တရုတ်ရာဇဝတ်ဂိုဏ်းတွေရဲ့ အွန်လိုင်းလိမ်လည်မှုလူကုန်ကူးဂိုဏ်းတွေကြောင့် အရင်တုန်းက အလာအများဆုံး တရုတ်ခရီးသွားတွေကတောင် မြန်မာနိုင်ငံကို သွားရောက်ဖို့ ငြင်းပယ်နေကြတာ တွေ့နေရပါတယ်။

ဒီအခြေအနေဆိုးတွေဟာ ကိုဗစ်က နာလန်ထစ မြန်မာနိုင်ငံအတွက်တော့ ခြောက်အိပ်မက်တွေနဲ့ နိုးတစ်ဝက်အိပ်မက်ဆိုးဖြစ်နေဆဲပါ။ ဒီအိပ်မက်ဆိုးကနေ အပြီးသတ်လွန်မြောက်ပြီး ပြည်သူနဲ့ နိုင်ငံ့အတွက် ထွက်ပေါက်အဖြစ် မျှော်လင့်ချက်ဟာ ရွေးကောက်ပွဲဖြစ်မြောက်ပြီး တက်လာတဲ့ ရွေးကောက်ခံအစိုးရကို အာဏာလွှဲပြောင်းပေးပြီးမှ နိုင်ငံရေးနည်းလမ်း၊ ဒီမိုကရေစီအစိုးရနဲ့ လွှတ်တော်လမ်းကြောင်းကတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ ကြိုးပမ်းရမှာက နိုင်ငံရှေ့ဆက်ဖို့ တစ်ခုတည်းသော နည်းလမ်းပါ။ ရွေးကောက်ပွဲကို ငြင်းပယ်ခြင်းဟာ အနှစ် ၂၀ လောက် ပြည်သူအချင်းချင်းသတ်ဖြတ်တာကို ထိုင်ကြည့်မယ်၊ မနိုင်မှန်းသိလည်း နိုင်ငံပျက်ဖို့၊ လူသတ်ဖို့နည်းလမ်းပဲ ရွေးတယ်ဆိုတဲ့ လမ်းကြောင်းပါပဲ။ ရွေးကောက်ပွဲကို ငြင်းပယ်နေသရွေ့တော့ NUG ကလည်း သူ့လမ်းစဉ်အတိုင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူကို သတ်ဖြတ်….. SAC ကလည်း NUG သတ်ဖြတ်နေလို့ ရွေးကောက်ပွဲမလုပ်နိုင်တာကြောင့် သက်တမ်းတိုးနဲ့ အဆုံးမသတ်နိုင်တဲ့ ဝဲဩဃမှာသာ ဆယ်စုနှစ်များစွာ ကြာသွားရင်ဖြင့်…..။

ပုံစာ။ မြန်မာ၊ ထိုင်း၊ တရုတ်၊ ရုရှားလေဆိပ်များမှ ကမ္ဘာလှည့် ခရီးသွားများမြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *