၂၂. ၈. ၂၀၂၃
Translated by Htwe Ko Tun

ကမ္ဘာပေါ်မှာ စီးပွားရေးတိုးတက်မှုနှုန်းအမြန်ဆန်ဆုံးသော နိုင်ငံငါးနိုင်ငံစုပေါင်းဖွဲ့စည်းခဲ့တဲ့ BRICS အဖွဲ့ကြီးရဲ့ ထိပ်သီးအစည်းအဝေး(၂၀၂၃ ခုနှစ်) ကို တောင်အာဖရိကနိုင်ငံမှာ ဩဂုတ်လ ၂၂ ရက်ကနေ ၂၄ ရက်အထိ ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာတော့ စီးပွားရေးဆိုင်ရာအုပ်စုကြီးတစ်ခုဖြစ်တဲ့ BRICS အဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အနောက်အုပ်စုက ကမ္ဘာကြီးကို တစ်ဖက်သတ်လွှမ်းမိုးဖို့ ကြိုးစားလာနေမှုတွေအပေါ် BRICS အနေနဲ့ ဘယ်လို တုံ့ပြန်ကာကွယ်ဆောင်ရွက်မလဲ အဓိကဆွေးနွေးကြလိမ့်မယ်လို့ ယူဆရပါတယ်။

BRICS အုပ်စုရဲ့အစဖြစ်တဲ့ BRIC ကိုတော့ ၂၀၀၉ ခုနှစ်၊ဇွန်လမှာ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လေးနိုင်ငံတို့နဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။ ၂၀၁၀ ပြည့်နှစ်မှာ တောင်အာဖရိက ပါဝင်လာပြီးတဲ့နောက် BRICS အုပ်စုရယ်လို့ဖြစ်လာခဲ့တာပါ။ BRICS အုပ်စုအနေနဲ့လည်း အရင်အခါတွေက ဒီထက်ပိုပြီး ထင်ရှားလူသိများအောင် ဘာမှ ထူးထူးခြားခြားလုပ်ပြနိုင်ခဲ့သေးတာမဟုတ်ဘူးလို့ ဆိုရမှာပါ။

အခုထိပ်သီးဆွေးနွေးပွဲကိုတော့ ငါးနိုင်ငံခေါင်းဆောင်တွေအနက် ရုရှားသမ္မတ ဗလာဒီမာပူတင်ကလွဲလို့ ကျန်တဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေတက်ရောက်ကြမယ်လို့ မျှော်လင့်ရပါတယ်။ ပူတင်ကိုတော့ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး(အိုင်စီစီ)က ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုနဲ့ ဖမ်းဝရမ်းထုတ်ထားတာကြောင့် အိုင်စီစီအဖွဲ့ဝင် တောင်အာဖရိက အနေနဲ့ မလွဲမရှောင်သာ ဖမ်းဆီးရဖွယ်ရှိလို့ အွန်လိုင်းကသာ တက်ရောက်လိမ့်မယ်လို့ သိရပါတယ်။

BRICS ရဲ့ ဒီနှစ်ထိပ်သီးဆွေးနွေးပွဲကို ကမ္ဘာ့နိုင်ငံတွေက အရင်ကထက် ပိုလို့စိတ်ဝင်စားနေခဲ့ကြတာက ကမ္ဘာကြီးရဲ့ပြောင်းလဲလာနေတဲ့ အခြေအနေတွေနဲ့အညီ BRICS မှာ ပါဝင်လိုတဲ့နိုင်ငံတွေ များပြားလာတာကြောင့်လို့ဆိုရမှာပါ။ အခုထိ နိုင်ငံ ၂၂ နိုင်ငံက BRICS အုပ်စုမှာပါဝင်ဖို့ စိတ်ဝင်စားကြောင်း တရားဝင် ဖော်ပြထားကြပြီး နိုင်ငံအများအပြားကလည်း စုံစမ်းမေးမြန်းမှုတွေပြုနေတယ်လို့သိရပါတယ်။ အခုဆွေးနွေးပွဲမှာတော့ ဘယ်နိုင်ငံတွေကို အဖွဲ့ဝင်အဖြစ် ထပ်ပြီးလက်ခံမလဲဆိုတာထက် အဖွဲ့ဝင်သစ်တွေကို ဘယ်လို ရွေးချယ်ကြမလဲ ခေါင်းဆောင်တွေက ဦးစွာဆွေးနွေးကြမယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်စေ BRICS က ကမ္ဘာ့နိုင်ငံအများအပြား ပါဝင်လာကြမယ့် စီးပွားရေးအုပ်စုတစ်ခုအဖြစ်ပေါ်ထွန်းလာဖို့လည်း အလားအလာများစွာကောင်းနေတယ်လို့ဆိုရမှာပါ။ တရုတ်နိုင်ငံရဲ့ သံတမန်တစ်ဦးကလည်း ကမ္ဘာ့နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ တရားဝင်အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ဖို့ BRICS ကို ပိုလို့ ပါဝင်လာဖွယ်ရှိတယ်ဆိုတာ ပြောခဲ့ပါတယ်။

ဒီလိုဆိုရတာကလည်း BRICS ကို ပါဝင်ဖို့ တရားဝင်လျှောက် ထားတဲ့နိုင်ငံတွေမှာ အာဂျင်တီးနား၊ မက္ကဆီကို၊ အီရန်၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ အီဂျစ်၊ နိုင်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ် နဲ့ အင်ဒိုနီးရှားစတဲ့နိုင်ငံတွေပါပြီး အမေရိကန်နဲ့ အလွမ်းသင့်တဲ့ နိုင်ငံများစွာပါဝင်နေတာကို တွေ့ရလို့ပါပဲ။ နိုင်ငံအများအပြားက BRICS ရဲ့ အဖွဲ့ဝင်နိုင်ငံများအတွင်း ကုန်သွယ်ရာမှာ ကိုယ်ပိုင်ငွေကြေးတစ်ရပ်အသုံးပြုရေးလို စီးပွားရေးပြောင်းလဲဆောင်ရွက်မှုတွေအပေါ် အထူးစိတ်ဝင်စားလာကြလို့ အခုလို အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ စိတ်ဝင်စားသူတွေ များလာတာလို့ ဆိုရမှာပါ။ ဒါကလည်း ကမ္ဘာ့နိုင်ငံတွေအကြား ကုန်သွယ်ရေး၊ စီးပွားရေးအပြင် ဘက်ပေါင်းစုံ လွှမ်းမိုးထားတဲ့ အမေရိကန်ဒေါ်လာအတွက်တော့ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာတာပါပဲ။

၂၀၁၅ ခုနှစ်မှာ BRICS က ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကို စတင်ထူထောင်ခဲ့ပါတယ်။ ဒီဘဏ်က BRICS အဖွဲ့ဝင်နိုင်ငံတွေ၊ အခြားသောဈေးကွက်စီးပွားရေးပေါ်ထွန်းလာနေတဲ့နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွင်း အခြေခံအဆောက်အအုံနဲ့ သဘာဝသယံဇာတတွေ မပြုန်းတီးစေသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွေကို ငွေကြေးထောက်ပံ့ဖို့ရည်ရွယ်တယ်လို့ သိရပါတယ်။ အဲဒီကနေတစ်ဆင့် ပြောင်းလဲလာတဲ့ ကမ္ဘာ့အခြေ အနေတွေအရ ကုန်သွယ်ရေးမှာ ဒေါ်လာကသာ လွှမ်းမိုးထားတဲ့အခြေအနေကို ကျော်လွှားလိုတဲ့ နိုင်ငံအများစုက BRICS မှာပါဝင်ကြပြီး ကပ်ရောဂါအလွန် မိမိတို့နိုင်ငံတွေရဲ့စီးပွားရေးတွေပြန်လည်နာလန်ထူရေးကို စိတ်ဝင်စားလာကြတာပါပဲ။

တောင်အာဖရိကနိုင်ငံ သမ္မတ စီးရီးလ် ရာမာဖိုဆာက သူ့အနေနဲ့ BRICS အဖွဲ့ကြီး တိုးချဲ့ဖွဲ့စည်းဖို့အတွက် ထောက်ခံပါကြောင်းနဲ့ ရှုပ်ထွေးမှုနဲ့ အကွဲအပြဲတွေ များပြားလာနေတဲ့ ကမ္ဘာကြီးအတွင်း ပိုမိုပြီး ညီမျှမှုရှိတဲ့ ကမ္ဘာ့ကြီးရဲ့အစီအစဉ်ကို အဖွဲ့ဝင်နိုင်ငံအားလုံးက လိုလားကြမှာဖြစ်တယ်လို့ ဩဂုတ်လ ၂၀ ရက်က ပြောခဲ့ပါတယ်။ တစ်ဖန် တရုတ်နိုင်ငံသံအမတ် Chen Xiaodong ကလည်း အချို့သော နိုင်ငံတွေဟာ တစ်ဖက်သတ်ပိတ်ဆို့မှုတွေနဲ့အရေးယူမှုနည်းလမ်းတွေကိုအနိုင်ကျင့်, ကျင့်သုံးနေပြီး ဒါကို တုံ့ပြန်ဖို့ သာတူညီမျှဆွေးနွေးညှိနှိုင်းမှုနဲ့ အကြံပေးမှုတို့ကို ပြုလုပ်သွားမယ်လို့ပြောခဲ့ပါတယ်။

ဒါကြောင့်လည်း BRICS အနေနဲ့ ပိုမိုအင်အားကောင်းလာတာနဲ့အမျှ ကမ္ဘာ့အရေးကဏ္ဍအထိတက်လှမ်းလာနိုင်ကာ ဥရောပနဲ့အမေရိကန်တို့ရဲ့ နိုင်ငံတကာကို စီးပွားရေး၊ ကုန်သွယ်ရေးအရ လွှမ်းမိုးချယ်လှယ်မှုကို တုံ့ပြန်သက်ရောက်လာစေမှာဖြစ်တယ်လို့ယူဆထားကြပါတယ်။
Ref—-CNN

Leave a Reply

Your email address will not be published. Required fields are marked *