၂၂. ၈. ၂၀၂၃
Written by Pan Ei
သြစတြေးလျနဲ့ နယူးဇီလန် နှစ်နိုင်ငံပူးတွဲပြီး အိမ်ရှင်နိုင်ငံတွေအဖြစ် ကျင်းပခဲ့တဲ့ ကိုးကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ စပိန်အမျိုးသမီး ဘောလုံးအသင်း အနိုင်ရရှိခဲ့ပြီးနောက် စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Luis Rubiales က စပိန်တိုက်စစ်မှူးကစားသမား ဂျနီဟာမိုဆိုကို နှုတ်ခမ်းကို နမ်းခဲ့တဲ့အတွက် ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်မှာတော့ ဩဂုတ်လ ၂၁ ရက်မှာ ပြန်လည်တောင်းပန်ခဲ့ပါတယ်။
အသက် ၄၅ နှစ်အရွယ် Rubiales ဟာ သြဂုတ်လ ၂၀ ရက်က ဆစ်ဒနီမြို့မှာကျင်းပတဲ့ ဗိုလ်လုပွဲအပြီး စပိန်အမျိုးသမီးဘောလုံးအသင်းအနိုင်ရရှိပြီးနောက် ကစားသမား ဂျနီဟာမိုဆို ဆုတံဆိပ်ရယူပြီးချိန်မှာ လူကြားထဲ သူမရဲ့ သဘောတူညီမှုမရှိဘဲ ဂုဏ်ပြုအနမ်းပေးခဲ့တာဖြစ်ပြီး အဲ့ဒီအနမ်းဟာ စပိန်နိုင်ငံအတွင်းမှာ ဒေါသထွက်စေခဲ့ကာ ဝေဖန်မှုများစွာရရှိခဲ့တာပဲဖြစ်သလို ဘောလုံးကြယ်ပွင့် ဂျနီဟာမိုဆိုကိုယ်တိုင်ကလည်း အဲ့ဒီအနမ်းအတွက် သူမ မနှစ်သက်ဘဲ မပျော်ရွှင်ခဲ့ရကြောင်း ပွဲအပြီး အင်စတာဂရမ် Live မှာ တခြားအမျိုးသမီးတစ်ယောက်ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။
တနင်္လာနေ့အစောပိုင်းကတည်းက စပိန်အားကစားဝန်ကြီးက Rubiales ကို တောင်းပန်ဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး Rubiales က “သေချာပါတယ်။ ကျွန်တော်အမှားလုပ်မိတာ ဝန်ခံပါတယ်” လို့ စပိန်ရုပ်သံတစ်ခုကနေ လူမှုမီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ ပြောကြားခဲ့ကာ “တောင်းပန်ဖို့နဲ့ ခုလိုအဖြစ်အပျက်ကနေ သင်ယူဖို့ကလွဲလို့ ကျွန်တော့်မှာ ရွေးချယ်စရာမရှိသလို အဖွဲ့ချုပ်ကို ကိုယ်စားပြုတဲ့အတွက် ပိုဂရုစိုက်ပါ့မယ်” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

Rubiales ဟာ အဲ့ဒီ အနမ်းဖြစ်စဉ်ကြောင့် စပိန်နိုင်ငံရေးသမားတွေဆီကနေပါ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရပြီး စပိန်နိုင်ငံရဲ့ တန်းတူညီမျှမှုဝန်ကြီး Irene Montero က ရဲ့ Rubiales ရဲ့လုပ်ရပ်ဟာ “လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု” ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် စပိန်ယဉ်ကျေးမှုနဲ့ အားကစားဝန်ကြီး Miquel Iceta ကလည်း အဆိုပါ နမ်းမှုဟာ လက်ခံနိုင်ဖွယ်မရှိကြောင်း တနင်္လာနေ့က စပိန်ရုပ်သံမှာ ပြောကြားခဲ့ပြီး “ငါတို့အားလုံးက လေးစားခံထိုက်ပါတယ်” လို့ Iceta က ထပ်လောင်းပြောကြားခဲ့ပါတယ်။
အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ရောက်ရှိလာတဲ့ စပိန်အမျိုးသမီးအသင်းရော အင်္ဂလန်အမျိုးသမီးအသင်းရောဟာ ကမ္ဘာ့အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ တစ်ကြိမ်တစ်ခါမှ ဗိုလ်မစွဲဖူးတဲ့ အသင်းတွေ ဖြစ်ကြတာကြောင့် ပွဲစဉ်ဟာ အကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန်နာရီဝက်မှာ ကစားသမား အိုဂါလ် ကန်သွင်းခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးက စပိန်အမျိုးသမီးအသင်းအတွက် အနိုင်ဂိုးဖြစ်စေခဲ့ပြီး အင်္ဂလန်အမျိုးသမီးအသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူကာဗိုလ်စွဲသွားခဲ့တာပဲဖြစ်ပါတယ်။
Ref; AFP, politico.eu

