UTN ပါတီမှ အောက်လွှတ်တော်အမတ်ဖြစ်တဲ့ အက်ကရာဒက် ဝုန်ပီတက်ရိုဂျ် က ရှင်းလင်းမှုပြုနေစဉ်

၁၈.၈.၂၀၂၃.
Translated by Htwe Ko Tun

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း ပရာယွတ် ချန်အိုချန် ခေါင်းဆောင်ခဲ့တဲ့ United Thai Nation (UTN) ပါတီက ဖျူထိုင်းပါတီရဲ့ ညွန့်ပေါင်းအဖွဲ့မှာပါဝင်သွားမှာဖြစ်ပြီး ပါလီမန်မှာ ဝန်ကြီးချုပ်နေရာအတွက် ပူးတွဲမဲပေးရွေးချယ်ပွဲမှာလည်း ဖျူထိုင်းပါတီကအဆိုပြုတဲ့ ဝန်ကြီးချုပ်လောင်းကို ထောက်ခံမဲပေးသွားမှာဖြစ်ကြောင်း ဩဂုတ်လ ၁၇ ရက် ညနေပိုင်းက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အခုလို ယခင်က ရန်သူတော်ပါတီနှစ်ခုလို့ဆိုရမယ့် ဖျူထိုင်းနဲ့ UTN တို့ ပူးပေါင်းလက်တွဲကြတော့မယ်ဆိုတဲ့သတင်းက မေလ ၁၄ ရက် ရွေးကောက်ပွဲအပြီး သုံးလကြာသည်အထိ အစိုးရသစ်ဖွဲ့စည်းနိုင်ခြင်းမရှိသေးဘဲ အကျဉ်းအကျပ်ရောက်နေတဲ့ နိုင်ငံရေးအခြေအနေမှ ထိုင်းနိုင်ငံအနေနဲ့ လွတ်မြောက်တော့မယ့်လက္ခဏာလို့ နိုင်ငံရေးအကဲဖြတ်တွေက သုံးသပ်ကြပါတယ်။

UTN ပါတီမှ အောက်လွှတ်တော်အမတ်ဖြစ်တဲ့ အက်ကရာဒက် ဝုန်ပီတက်ရိုဂျ်က အဆိုပါ ပါတီနှစ်ခု ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုက ထိုင်းနိုင်ငံကို ရှေ့သို့ဆက်လက်ချီတက်ကာ နိုင်ငံသားတွေအကြား သွေးမကွဲဘဲ ညီညွတ်မှုကို တိုးမြှင့်ပေးစေမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

UTN ပါတီ ပါဝင်လာခြင်းကြောင့် ဖျူထိုင်းပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ဟာအခုဆိုရင် အောက်လွှတ်တော်မှာ အမတ်နေရာ ၂၇၄ နေရာရှိလာမှာပါ။ အောက်လွှတ်တော်ရဲ့ အမတ်ထက်ဝက်ပမာဏကို ကျော်လွန်လာပြီဖြစ်လို့ တကယ်လို့ အာဏာရခဲ့ရင်တောင် လူနည်းစုအမတ် အစိုးရဖြစ်ရမယ့် အခြေအနေကိုတော့ လွန်မြောက်လာပါပြီ။

အက်ကရာဒက်က UTN ပါတီအနေနဲ့ အဓိကတောင်းဆိုလိုလားမှု တစ်ခုသာရှိ‌တယ်လို့လည်းဆိုပါတယ်။ အဲဒါက lese majeste Law ခေါ် တော်ဝင်မိသားစုကို ပုတ်ခတ်စော်ကားသူများကို ဒုစရိုက်အမှု ကျူးလွန်ခြင်းဖြင့် အရေးယူတဲ့ဥပဒေကို ပြင်ဆင်မှုမပြုဖို့ဘဲလို့ ဆိုပါတယ်။ ဒီအတွက် ဖျူထိုင်းပါတီကလည်း လက်ခံခဲ့တယ်လို့ သိရပါတယ်။ ဖျုထိုင်းပါတီနဲ့ ညွန့်ပေါင်းအဖွဲ့မှာပါတဲ့အခြားပါတီတွေအကြား အစိုးရအဖွဲ့ဝန်ကြီးဌာနများအတွက် ခွဲဝေနေရာချထားမှုတွေ ဆွေးနွေးသဘော တူပြီးကြောင်း ကောလာဟလတွေက မမှန်ကန်ပါဘူးလို့လည်း အက်ကရာဒက်က ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲမတိုင်မီက ဖျုထိုင်းပါတီခေါင်းဆောင် ချိုလ်နန်ဆရီကောက သူ့ပါတီအနေနဲ့ ထိုင်းစစ်တပ်နဲ့ အဆက်အသွယ်ရှိထောက်ခံတဲ့ပါတီတွေဖြစ်တဲ့ Palang Pracharath ပါတီနဲ့ UTN ပါတီတို့နဲ့ ပူးပေါင်းမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဖျူထိုင်းအဖို့ နိုင်ငံရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်အတည်းအခြေအနေကို ကျော်လွှားနိုင်ဖို့ အခုအခါမှာတော့ ဒီပါတီတွေနဲ့ ညွန့်ပေါင်းအဖွဲ့မှာပူးပေါင်းပြီး ထောက်ခံမဲရယူရတာပါပဲ။

ဖျူထိုင်းခေါင်းဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့သစ်က နိုင်ငံအနေနဲ့ ကြုံတွေ့နေရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စီးပွားရေးနဲ့လူ့အဖွဲ့ အစည်းအတွင်း အငြင်းပွားမှုတွေစတဲ့ အကျပ်အတည်းအခြေအနေသုံးရပ်ကို ဖြေရှင်းနိုင်ဖို့ နိုင်ငံရေးအစွဲအလမ်းမထားဘဲ ဝန်ကြီးချုပ်နေရာ ပူးတွဲမဲပေးပွဲမှာ ထောက်ခံမဲပေးသွားတယ်လို့ သိရပါတယ်။

ပါလီမန်မှာ ဝန်ကြီးချုပ်နေရာ ပူးတွဲမဲပေးပွဲကိုတော့ ဖျူထိုင်းပါတီရဲ့အဆိုပြုဝန်ကြီးချုပ်လောင်းအတွက် ဩဂုတ်လ ၂၂ ရက်မှာ မဲပေးရွေးချယ်ကြမှာပါ။ Move Forward Party က သူ့ပါတီအား ဝန်ကြီးချုပ်နေရာ ဒုတိယအကြိမ် အဆိုပြုမှုကို ပါလီမန်ကလက်မခံခြင်းအား ပြန်လည်သုံးသပ်စဉ်းစားဖို့ တင်ပြတောင်းဆိုချက်အပေါ်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဩဂုတ်လ ၁၆ ရက်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ဖျူထိုင်းအနေနဲ့ တစ်ချိန်က မိမိအစိုးရကိုဖြုတ်ချအာဏာသိမ်းခဲ့တဲ့ ရန်သူတော်တွေလို့ဆိုရမယ့် ပါတီတွေနဲ့လက်တွဲပြီး အစိုးရသစ်ဖွဲ့စည်းရေး ထောက်ခံမဲများအရယူတော့မယ်လို့ ခန့်မှန်းရပါတယ်။

Ref—–Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *