၁၈. ၈. ၂၀၂၃
Written by Nyein Kyaw

မြန်မာ့ဆောက်လုပ်ရေး၊ အိမ်ရာနှင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာပြပွဲကြီးကို Yangon Convention Center ၌ ဩဂုတ်လ ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်တိုင်တိုင်ကျင်းပလျက်ရှိပြီး ယနေ့ပြုလုပ်သည့် အဆိုပါပြပွဲ၏ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်ခဲ့သည်။

အဆိုပါပြပွဲကြီးတွင် အိမ်ခြံမြေစီမံကိန်းများ၊ အိမ်ရာတည်ဆောက်ရေးလုပ်ငန်းများ၊ နေရောင်ခြည်စွမ်းအင်သုံး (Solar Energy) လုပ်ငန်းများ၊ လျှပ်စစ်ကား(EV)များ၊ လျှပ်စစ်ပစ္စည်း၊ အခြားသော စက်မှုထုတ်ကုန်လုပ်ငန်းများ၊ နည်းပညာဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း၊ စက်ပစ္စည်းယန္တရားများ စသည့်လုပ်ငန်းကုမ္ပဏီပေါင်း ၉၀ နီးပါးမှ ပြခန်းပေါင်း ၂၀၀ ကျော်ဖြင့် ခင်းကျင်းပြသလျက်ရှိသည်။

“ဒီမှာက အားလုံးပေါင်း ကုမ္ပဏီ ၉၀ နီးပါးကနေ ပြခန်းပေါင်း ၂၀၀ ကျော်ပေါ့၊ ဆောက်လုပ်ဆိုင်ရာ၊ EV၊ ဆိုလာနဲ့ဆက်စပ်လုပ်ငန်းတွေ ဒါတွေပါဝင်ပါတယ်။ ကိုဗစ်ကာလအပြီး နောက်ပိုင်းမှာ ပြသတဲ့အထဲမှာ အကြီးဆုံးလို့တောင် ပြောလို့ရတယ်” ဟု အဆိုပါပြပွဲ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ကျပ်သိန်း ၃၀၀ တန်နှင့် ကျပ်သိန်း ၁၅၀ သာကုန်ကျမည့် Modular House များကိုလည်း တပ်ဆင်ပြသထားပြီး ဝင်ရောက်လေ့လာနိုင်မည့်အပြင် တည်ဆောက်ပြီး အိမ်ရာစီမံကိန်းများနှင့် တည်ဆောက်ဆဲအိမ်ခြံမြေစီမံကိန်းများကိုလည်း ခင်းကျင်းပြသထားခြင်းဖြစ်သည်။

အဆိုပါပြပွဲအခမ်းအနားအား ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ Inya Lake Hotel ဝန်းအတွင်းရှိ Yangon Convention Center တွင် ဩဂုတ်လ ၁၈ ရက် (ယနေ့)စ၍ ဩဂုတ်လ ၂၀ ရက်အထိ မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *