၈.၈.၂၀၂၃
Translated by Htwe Ko Tun

လက်ရှိကာလတွင် အိမ်နီးချင်းထိုင်းနိုင်ငံ၌ တိုင်းသူပြည်သားတို့အကြား မျှော်လင့်ချက်ကြီးစွာဖြင့် သိလိုစိတ်ပြင်းပြနေကြ သည့် မေးခွန်းနှစ်ခုရှိပေမည်။ ၎င်းတို့အတွက် တိကျသောအဖြေထွက်ပေါ်ရန်က အချိန်ဆွဲကြာမြင့်နေရခြင်းနှင့်အတူ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာကပါ စိတ်ဝင်တစား စောင့်ကြည့်လာကြသည်ဟုလည်း ဆိုရပေမည်။

ပထမမေးခွန်းကို ဖော်ပြရမည်ဆိုလျှင် “ထိုင်းနိုင်ငံ၏ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်က မည်သည့်အခါတွင် တိတိ ကျကျ အဖြေထွက်မည်နည်း” ဟူ၍ဖြစ်ကာ ဒုတိယမေးခွန်းအနေနှင့်မူ “ထိုင်းနိုင်ငံ၏ ဝရမ်းပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝါထရာက ဩဂုတ်လ ၁၀ ရက်တွင် ထိုင်းနိုင်ငံသို့ ၎င်းပြန်လာမည်ဟူသော ပြောစကားကိုဖျက်သိမ်းခဲ့ရပြီးနောက် ၎င်းအနေနှင့် မိခင်နိုင်ငံသို့ မည်သည့်အခါ ပြန်လာနိုင်မည်နည်း” ဖြစ်သည်ဟုပင် ဆိုရပေမည်။

၁၅ နှစ်ကြာ ပြည်ပသို့ထွက်ပြေးတိမ်းရှောင်နေရသည့်ကာလအတွင်း သက်ဆင်က ၎င်းအနေဖြင့် ထိုင်းနိုင်ငံသို့ မည်သည့်ရက်၊ လ၊ အချိန်အတွင်း ပြန်လာမည်ဟု အကြိမ် ၂၀ ကျော် ပြောခဲ့သည်။ သို့သော် ၎င်းတို့အနက် ဖျုထိုင်းပါတီက ဩဂုတ်လ ၃ ရက်တွင် ထုတ်ပြန်ခဲ့သော လျာထားချက်များအနက်တစ်ဦးဖြစ်သော နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားခံရသူ သက်ဆင်၏သမီး ပေတုံတန်က ဩဂုတ်လ ၁၀ ရက်တွင် သက်ဆင်ပြန်လာမည်ဟု ပြောကြားခဲ့ခြင်းအပေါ်  ပို၍ ယုံကြည်မှုရှိခဲ့ကြသည်။

သို့သော် မတည်ငြိမ်ပြောင်းလဲနေသည့် ထိုင်းနိုင်ငံရေးအခြေအနေများအကြား ထိုစကားကိုလည်း ရုပ်သိမ်းပါကြောင်း၊ သက်ဆင်အနေဖြင့် ဖျူထိုင်းပါတီက ဝန်ကြီးချုပ်ဖြစ်မှသာ ပြန်လာနိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့ရပြန်သည်။

အထက်တွင် ဖော်ပြထားသော ပထမမေးခွန်းအတွက်ဆိုရပါမူ ဖျူထိုင်းပါတီအနေဖြင့် ၎င်းက အဆိုပြုသည့် ဝန်ကြီးချုပ်လောင်း ဆရက်သာ သာဗီဆင်အတွက် ပါလီမန်တွင် ပူးတွဲမဲပေးရွေးချယ်သည့်အခါ အနည်းဆုံးလိုအပ်သော ထောက်ခံမဲ ၃၈၅ မဲ ကို အထက်လွှတ်တော်အမတ်များနှင့် အောက်လွှတ်တော်ရှိ အခြားပါတီများမှရရှိနိုင်ရန်မှာ မသေချာမှုအပေါင်းနှင့်ရင်ဆိုင်နေရသည်ဟုလည်း ဆိုရပေမည်။

ပထမဆုံးဆိုရပါမူ ဖျူထိုင်းပါတီအနေဖြင့် ၎င်းက ဦးဆောင်၍ အစိုးရသစ်ဖွဲ့စည်းနိုင်ရန် ညွန့်ပေါင်းအဖွဲ့သစ်အတွင်း ပါဝင်မည့်ပါတီများကို ဖိတ်ခေါ်ရပေမည်။ ထိုညွန့်ပေါင်းအဖွဲ့သစ်တွင် Bhumjaithai ပါတီ၊ Charthaipattana ပါတီ၊ Chart Pattana Kla ပါတီနှင့် the Democrats တို့က ပါဝင်လာရန် အလားအလာရှိသည်ဟုလည်း ဆိုကြသည်။ Move Forward Party ကိုမူ ဖျူထိုင်းပါတီက ဆက်လက်ပူးပေါင်းခြင်းမပြုဟု ကြေညာခဲ့ပြီဖြစ်သည်။

သို့သော် ထိုင်းစစ်တပ်နှင့် စစ်တပ်မှဆင်းသက်လာသူများ အစရှိသူတို့ဖြင့် ဖွဲ့စည်းထားသောပါတီများနှင့် ပူးပေါင်းလုပ် ဆောင်မှုမပြုဟု ဖျူထိုင်းက ပြောကြားချက်များရှိခဲ့ရာ ၎င်းအနေဖြင့် Palang Pracharath (PPRP) ပါတီနှင့် United Thai Nation ပါတီတို့နှင့် ပူးပေါင်း၍ အစိုးရအဖွဲ့ ဖွဲ့မည်ဆိုခြင်းက သံသယဖြစ်ဖွယ်ရှိပေသည်။ အဆိုပါ ပါတီနှစ်ခုနှင့် မပူးပေါင်းလျှင်လည်း ဖျူထိုင်းအဖို့ အောက်လွှတ်တော်တွင် အားနည်းလှသော ထောက်ခံမဲအရေအတွက်ရနိုင်ပြီး ဥပဒေများအတည်ပြုပြဌာန်းချိန်တွင် အတားအဆီးများဖြစ်လာနိုင်သည်။

လက်ရှိကာလအထိမူ ဖျူုထိုင်းပါတီက Bhumjaithai ပါတီနှင့် ဩဂုတ်လ ၇ ရက်တွင် ဆွေးနွေးမှုအောင်မြင်ခဲ့ကာ ၎င်းတို့နှစ်ပါတီက အစိုးရသစ်ဖွဲ့နိုင်ရေးအတွက် ညွန့်ပေါင်းအဖွဲ့တွင် အခြေခံအင်အားစုများအဖြစ်ပါဝင်ကြမည်ကို သဘောတူခဲ့ကြသည်။ Bhumjaithai ပါတီကအောက်လွှတ်တော်တွင် အမတ် ၇၁ နေရာ ရရှိထားရာ ၎င်းတို့နှစ်ပါတီပေါင်း ၂၁၂ နေရာသာ ရှိသေး၍ ဝန်ကြီးချုပ်ဖြစ်ရန်လိုသော ထောက်ခံမဲ ၃၇၅ မဲ ရရန် ၁၆၃ မဲလိုသေးသဖြင့် အခြားပါတီများ ညွန့်ပေါင်းအဖွဲ့တွင်ဆက်လက်ပူးပေါင်းလာရန်အပြင် အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမဲရရှိရေးအတွက်ကလည်း အရေးကြီးနေပြန်သည်။

ဤနေရာတွင် Palang Pracharath (PPRP) ပါတီခေါင်းဆောင် ဒုတိယဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာဝတ် ဝုန်ဆူဝန်က အထက်လွှတ်တော်အမတ် အတော်များများအပေါ် ဩဇာလွှမ်းမိုးနေသည်ကို တွေ့ရပြန်သည်။ ထို့ကြောင့်လည်း ဖျူထိုင်းနှင့် PPRP တို့ ပူးပေါင်းမှုမပြုခြင်းနောက်တွင် အထက်လွှတ်တော်အမတ်များ၏ မဲများကို ဖျူထိုင်းအနေဖြင့်ရနိုင်ပါမည်လော တွေးစရာဖြစ်ရပြန်သည်။ အကယ်၍သာ လာမည့် ပူးတွဲမဲပေးရွေးချယ်ပွဲတွင် ဖျူထိုင်းအဖို့ ၎င်းအဆိုပြုထားသည့် ဝန်ကြီးချုပ်လောင်းအတွက် လိုအပ်သော ထောက်ခံမဲများမရရှိခဲ့ပါက နိုင်ငံ၏ အစိုးရသစ်ဖွဲ့စည်းရေးက ပို၍ ကြာရှည်သော ဇတ်မျောကြီးဖြစ်ကာ ဝန်ကြီးချုပ်နေရာကို မည်သည့်ပါတီတို့က ပြန်လည်ရရှိနိုင်သနည်း စဉ်းစားဖွယ်ရာဖြစ်လာပြန်သည်။

ထို့ကြောင့်လည်း နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လက်တွဲဆောင်ရွက်ကြရေးကို ဦးစားပေးရမည်ထက် အရပ်ဖက်ပါတီ၊ စစ်ဖက်ပါတီ၊ ရှေးရိုးစွဲပါတီ၊ ဒီမိုကရေစီပါတီ စသည်ဖြင့် အမျိုးမျိုးအမြင်ကွဲပြား စိတ်ဝမ်းကွဲနေကြခြင်း၏ အကျိုးဆက်ကို ယနေ့ထိုင်းနိုင်ငံရေးအကျပ်အတည်းက ဖော်ပြနေခြင်းဟု ဆိုချင်သည်။ ဤအတိုင်းဆိုပါက ထိုင်းနိုင်ငံဝန်ကြီးချုပ်သစ် မည်သည့်အခါ အဖြေထွက်မည်နည်းဆိုသည့် မေးခွန်းမှာလည်း ဖြေရန်မလွယ်ကူဟုသာ ဆိုချင်သည်။

ဒုတိယမေးခွန်းဖြစ်သော ထိုင်းဝန်‌ကြီးချုပ်ဟောင်း မည်သည့်အခါ ပြန်လာနိုင်မည်နည်း ဆိုသောမေးခွန်းအတွက်မူ ထိုင်းနိုင်ငံသားတစ်ဦးအနေဖြင့် ၎င်းအားမည်သူကမှ ပြန်မလာရန်မတားဆီးနိုင်ပေ။ ၎င်းပြန်လာရန်နှောင့်နှေးနေရခြင်း၏ တစ်ခုတည်းသောအကြောင်းမှာ ၎င်းအနေဖြင့် စွဲချက်သုံးခုအတွက် ပြစ်ဒဏ် ၁၀ နှစ် ကျခံရန်ရှိနေခြင်းဖြစ်သည်။

၁၅ နှစ်ခန့် ပြည်ပသို့ရောက်ရှိနေစဉ်အတွင်း ဇိမ်ခံအဆောက်အအုံများ၌ ဟိတ်ကြီးဟန်ကြီးဖြင့်နေထိုင်ကာ ကိုယ်ပိုင်လေယာဉ်ဖြင့် ခရီးသွားခဲ့သူ သက်ဆင်အနေဖြင့် ထိုင်းနိုင်ငံသို့ပြန်လာပြီး ထောင်ထဲတွင် ပြစ်ဒဏ် ၁၀ နှစ် ကျခံနိုင်ပါမည်လော။

ထို့ကြောင့်လည်း ထိုမေးခွန်းအတွက်မူ ဖျူထိုင်းပါတီမှ ဝန်ကြီးချုပ်နေရာရပြီး အစိုးရသစ်ဖွဲ့နိုင်မှသာ သက်ဆင်အဖို့ ပြည် တော်ပြန်ခရီးချောမွေ့လိမ့်မည်ဟု သုံးသပ်ချင်ပါသည်။

Ref-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News