လျှပ်စစ်စွမ်းအားဝန်ကြီးဌာန (MOEP)

၈. ၈. ၂၀၂၃
Written by Ye Kyaw

လက်ရှိဘဏ္ဍာနှစ် လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၆၄ သန်းကျော်သာ ခွင့်ပြုနိုင်ခဲ့သော်လည်း လက်ရှိနိုင်ငံ့အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ကဏ္ဍတွင်မူ ဇူလိုင်လ တစ်လတည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ဒေါ်လာ ၃၁၇ ဒသမ ၁၇၈ သန်းအထိ အများဆုံးခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)မှ သိရသည်။

လျှပ်စစ်ကဏ္ဍ၌ တစ်လအတွင်း ခွင့်ပြုပေးခဲ့သည့်ပမာဏသည် လက်ရှိဘဏ္ဍာနှစ်လေးလ၌ မြန်မာနိုင်ငံအတွင်း ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ၏ ၆၈ ရာခိုင်နှုန်းကျော်အထိရှိခဲ့ပြီး လက်ရှိဘဏ္ဍာနှစ် လေးလအတွင်း အများဆုံးခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍဖြစ်သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် လေးလအတွင်း DICA အနေဖြင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍလေးခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဓိကခွင့်ပြုပေးခြင်းဖြစ်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၇၇ သန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၃၆ ကျော်နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၂၃ သန်းကျော်ဖြင့် အသီးသီးခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၃ ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၅ ဘီလျံကျော်တန်ဖိုးရှိ လုပ်ငန်းပေါင်း ၂၄၀၀ ကျော် လာရောက်ရင်းနှီးမြှုပ်နှံထားကြောင်း DICA မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *