တစ်နှစ်ခွဲကာလအတွင်း တရားမဝင်ကုန်သွယ်မှု ကျပ် ၁၂၇ ဘီလျံကျော် ဖမ်းမိခဲ့ပြီး ယခင်ကာလတူထက် များစွာတိုးတက်ဖမ်းဆီးနိုင်သော်လည်း တရားမဝင်တင်သွင်းမှု ကျဆင်းခြင်းမရှိ

တစ်နှစ်အတွင်း ထိုင်းနိုင်ငံမှ ဒေါ်လာ ၁ ဒသမ ၆၃၉ ဘီလျံဖိုးအထိ တရားမဝင်တင်သွင်းခဲ့ဖွယ်ရှိနေ

MT News
၂၈. ၇. ၂၀၂၃

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ဖမ်းဆီးရာတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ အမှုတွဲ ၇၀၁၁ မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် ၁၂၇ ဒသမ ၀၅၄ ဘီလျံ ဖမ်းဆီးနိုင်ခဲ့ပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက များစွာတိုးတက် ဖမ်းဆီးနိုင်ခဲ့သော်လည်း တရားမဝင်ကုန်သွယ်မှုများသည် လျော့နည်းကျဆင်းသွားခြင်း မရှိဘဲ ဆက်လက်လုပ်ကိုင် ဆောင်ရွက်နေမှုကို ကြားသိနေရကြောင်း SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဇူလိုင် ၂၇ ရက်က ကျင်းပသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃) အစည်းအဝေးတွင် ပြောကြားသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်၊ မေလမှ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ ထိုင်းနိုင်ငံစာရင်းအရ ထိုင်းပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၃၂ ဘီလျံဖြစ်ပြီး မြန်မာဘက်က စာရင်းအရ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၉၃ ဘီလျံဖြစ်၍ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၃၉ ဘီလျံ ကွာခြားနေသည့်အတွက် ၎င်းသည် တစ်နှစ်အတွင်း တရားမဝင် ကုန်သွယ်မှုများ ဖြစ်သည်ဟု သုံးသပ်ရကြောင်းလည်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

တရားမဝင် ကုန်သွယ်မှုဖြစ်ပေါ်ရခြင်း အဓိက အကြောင်းအရင်းများမှာ “အစိုးရ၏ မူဝါဒ၊ ရောင်းလိုအားနှင့် ဝယ်လိုအား၊ ပွင့်လင်းမြင်သာမှုနှင့် ကုန်သွယ်မှု၊ အကောက်ခွန် လုပ်ငန်းဝန်းကျင်” စသော အခြေခံကျသည့် အချက်များအပြင် နိုင်ငံအတွင်း လုံခြုံရေးအရ လိုအပ်ချက်ရှိနေဆဲ နယ်စပ်ဒေသများရှိနေခြင်း၊ နယ်စပ်ဒေသများသည် ရှည်လျားပြီး နှစ်နိုင်ငံချင်း လွယ်ကူစွာ ဖြတ်သန်းနိုင်သည့် နေရာအများအပြားရှိခြင်းကြောင့် လုံခြုံရေးအရ စောင့်ကြည့်ထိန်းသိမ်းရန် ခက်ခဲခြင်း၊ ဥပဒေရေးရာ အားနည်းချက်များရှိခြင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်ရသည့် ဝန်ထမ်းအင်အားနှင့် စွမ်းဆောင်ရည် နိမ့်ကျခြင်းနှင့် အကျင့်ပျက်မှုများ ရှိနေခြင်း စသည့်အချက်များကလည်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရာတွင် စိန်ခေါ်မှုများ ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

နိုင်ငံ၏ ပထဝီအနေအထားအရ ရှည်လျားသည့် နယ်စပ်မျဉ်းတစ်လျှောက်တွင်ရှိသည့် တရားမဝင် ဝင်ထွက်ပေါက်များ၊ မှောင်ခိုရှောင်ကွင်းလမ်းများအပြင် တာဝန်ကျနိုင်ငံ့ဝန်ထမ်းအချို့၏ အားနည်းချက်များကြောင့် တရားမဝင် ကုန်ပစ္စည်းများ နိုင်ငံအတွင်းပိုင်းအထိ ဖမ်းဆီးဖော်ထုတ်သည့်ကြားမှ ဝင်လာဆဲဖြစ်၍ အဆိုပါ တရားမဝင်ကုန်ပစ္စည်းများ သိမ်းဆည်းနိုင်မည့် သိုလှောင်ရုံများနှင့် ဈေးကွက်များအထိ ဝင်ရောက် စစ်ဆေး အရေးယူ ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ယင်းကိစ္စကို ကုန်သည်အချင်းချင်း သိရှိပြီးဖြစ်၍ နိုင်ငံ့အကျိုးစီးပွား၊ မိမိကိုယ်ကျိုးစီးပွားကြည့်ပြီး သက်ဆိုင်ရာကို သိလျှင် သိခြင်း အသိပေးအကြောင်းကြားပေးရန် လိုအပ်ကြောင်းလည်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးအစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က “တရားမဝင်ကုန်သွယ်မှုများနှင့် သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်ခြင်းများသည် မိမိတို့ နိုင်ငံ့စီးပွားရေးအပေါ် ထိုးနှက်ချက်များပင်ဖြစ်ကြောင်း”ဟု ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် သယံဇာတများကို တရားမဝင် တူးဖော်သည့် ဘက်ဟိုးယန္တရား ၅၇ စီး၊ ခန့်မှန်းတန်ဖိုးကျပ် ၄ ဒသမ ၅၃၁ ဘီလျံ ဖမ်းဆီးနိုင်ခဲ့သည်။ ထို့အတူ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ တရားမဝင်သစ်မျိုးစုံ အမှုတွဲ ၁၄၆၂ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၄ ဒသမ ၄၂၁ ဘီလျံ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိမှု စုစုပေါင်း၏ ၃ ဒသမ ၄၈ ရာခိုင်နှုန်း ဖြစ်နေသည်။ သို့သော် နိုင်ငံအတွင်း သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်နေမှုများသည် ရှိနေဆဲပင်ဖြစ်သောကြောင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့် နိုင်ငံ၏ သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်မှုကိုလည်း ထိထိရောက်ရောက် တားဆီး၊ စစ်ဆေးအရေးယူကြရန်လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တိုက်တွန်းပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *