MT News

Written by Nay Moe

မြန်မာနိုင်ငံတွင် စစ်ဘေးဒုက္ခသည် သုံးသန်းခန့်ရှိလာပြီး ယင်းတို့အနက် ၁ ဒသမ ၄ သန်းခန့်မှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းတွင်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ၏ ထောက်ပံ့မှုဖြင့် လည်ပတ်နေသည့် မြန်မာ့မဟာဗျုဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု( ISP-Myanmar) ၏ အလေးထားရမည့်ဒေတာအချက်အလက်များ အမှတ် (၂၈) တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၁၉၈၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၀ ရက်အထိ ကာလအတွင်း လက်နက်ကိုင်ပဋိပက္ခနှင့် အဓိကရုဏ်း ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ပြည်တွင်း စစ်ပြေးဒုက္ခသည်များအပြင် နယ်စပ်ဖြတ်ကျော်၍ ဒုက္ခသည်အဖြစ် တိမ်းရှောင်ခိုလှုံနေရသည့် အရေအတွက် နှစ်ရပ်ပေါင်းမှာ ၂,၉၃၀,၂၀၁ ဦးထက်မနည်း ရှိလာနေသည်။ အဆိုပါ ဒုက္ခသည်ဦးရေ သုံးသန်းနီးပါးထဲမှ ၁,၄၁၃,၈၁၁ ဦးထက်မနည်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာထိန်းသိမ်းမှုဖြစ်စဥ်ပြီးနောက် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်များကြောင့် အသစ်တိုးလာသည့် စစ်ပြေးဒုက္ခသည် အရေအတွက် ဖြစ်သည်။ အဆိုပါ ပမာဏမှာ စုစုပေါင်းအရေအတွက်၏ ၄၈ ရာခိုင်နှုန်းအထိ ရှိပြီး အများဆုံး ဖြစ်သည်ဟု ISP ကဆိုသည်။

အာဏာထိန်းသိမ်းမှု မတိုင်မီကာလ၌ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ယခင်ကတည်းက ထွက်ပြေးတိမ်း ရှောင်နေရသည့် ပြည်တွင်း စစ်ပြေးဒုက္ခသည် အရေအတွက်မှာ ၄၉၇,၂၀၀ဦး ထက်မနည်း ရှိသည့်အပြင် အာဏာမထိန်းသိမ်းမီနှင့် ထိန်းပြီး ကာလများအတွင်း ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံများသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးနေရ
သည့် ဒုက္ခသည်ဦးရေမှာလည်း ၁,၀၁၉,၁၉၀ ဦးထက်မနည်းရှိနေသည်ဟု ISP က ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းတွင် နိုင်ငံအနှံ့ တိုက်ပွဲဖြစ်ပွားမှု တိုးမြှင့်လာသည်နှင့်အမျှ စစ်ပြေးဒုက္ခသည် အရေအတွက် လစဉ် မြင့်တက်နေသည်။ အထူးသဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၂၀ ရက်အတွင်း စစ်ပြေးဒုက္ခသည် ၈၅၆,၁၈၆ ဦးထက်မနည်း တိုးလာခဲ့သည်။ ၂၀၂၂ ခုနှစ် ရှစ်လတာကာလအတွင်း တိုးလာသည့်ပမာဏမှာ အာဏာထိန်းသိမ်းပြီးနောက် အသစ်တိုးလာခဲ့သည့် စစ်ပြေးဒုက္ခသည်အရေအတွက်၏ ၆၀ ရာခိုင်နှုန်းကျော်အထိ ရှိလာနေသည်။ တစ်ဆက်တည်းမှာပင် ပြည်တွင်းစစ်ပြေးဒုက္ခသည်အသစ် တိုးနှုန်းအများဆုံး ဖြစ်လာသည့်ဒေသမှာ စစ်ကိုင်းတိုင်းဖြစ်ပြီး ၅၃၃,၈၃၃ ဦးထက်မနည်း (၃၇ ရာခိုင်နှုန်းကျော်) ရှိနေသည်။ မကွေးတိုင်းမှာ ၁၇၁,၄၅၀ ဦးထက်မနည်း ရှိပြီး ဒုတိယအများဆုံး တိုးလာသည့် ဒေသဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံအနှံ့ မြို့နယ်စုစုပေါင်း၏ လေးပုံတစ်ပုံမှာ စစ်ပြေးဒုက္ခသည် တစ်သန်းခွဲနီးပါး အသစ်တိုးလာခဲ့သည့် အခြေအနေဖြစ်ပြီး အဆိုပါမြို့နယ်များတွင် စစ်ကိုင်းတိုင်းအတွင်းမှ ၂၃ မြို့နယ်အထိ ပါဝင်ပြီး အများဆုံးဖြစ်သည်။ မြို့နယ် တစ်ခုချင်းစီအလိုက် ပမာဏအားဖြင့်နှိင်းယှဉ်ရင်ရာတွင် ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ် တစ်ခုတည်း၌ပင် စစ်ပြေးဒုက္ခသည် ၁၂၆,၀၀၀ ဦးထက်မနည်း ရှိပြီး စစ်ပြေးဒုက္ခသည် အများဆုံးတိုးလာခဲ့သည့် မြို့နယ်တစ်ခုဖြစ်ကြောင်း ISP Myanmar ၏ လေ့လာမှုတွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *