MT News

Written by Tha Doe

ပြည်တွင်းရွှေစျေးကွက်အတွင်း စံချိန်တင်အဖြစ် ရွှေတစ်ကျပ်သား ကျပ် ၃၈ သိန်းအထိ ဖြစ်ပေါ်လာပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတ္ထုတွင်းဝန်ကြီးဌာနက စက်တင်ဘာ ၅ ရက်မှ စတင်ကာ ရွှေဒင်္ဂါးပြားများ ရောင်းချပေးခဲ့သဖြင့် ပြည်တွင်းရွှေစျေးနှုန်းမှာ ကျပ် ၃၁ သိန်းဝန်းကျင်၌ အတက်အဆင်းဖြစ်ပေါ်နေကြောင်း ပြည်တွင်းရွှေစျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်မှုများအရ သိရသည်။

စက်တင်ဘာ ၅ ရက်တွင် SAC က ရွှေတစ်ကျပ် ကျပ် ၂၉ သိန်းခွဲဖြင့် ရောင်းချပေးခဲ့ရာ ပြည်တွင်းရွှေကွက်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၀၅၀၀၀၀ နှင့် ကျပ် ၃၁ သိန်းအကြား အတက်အဆင်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီးနောက် စက်တင်ဘာ ၆ ရက်တွင် SAC က ကျပ် ၂၈ သိန်းခွဲဖြင့် ရောင်းချခဲ့သဖြင့် ပြည်တွင်းရွှေစျေးကွက်အတွင်း ကျပ် ၃၁၁၀၀၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည်။ စက်တင်ဘာ ၇ ရက်တွင် အဖွင့်စျေးတွင် ရွှေတစ်ကျပ်သား ၃၁၃၀၀၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ပြီး ညနေစျေးတွင် ကျပ် ၃၁ သိန်းဖြစ်ပေါ်ခဲ့သည်။ စက်တင်ဘာ ၈ ရက်အဖွင့်စျေးတွင် ရွှေတစ်ကျပ်သား ၃၁၁၀၀၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ညနေစျေးတွင် ၃၁ သိန်းခွဲသို့ မြင့်တက်ခဲ့သည်။ စက်တင်ဘာ ၉ ရက်အဖွင့်စျေးတွင်မူ ကျပ် ၃၁၈၀၀၀၀ ခန့်မြင့်တက်လာခဲ့သည်။

”ရွှေဒင်္ဂါးပြားတွေသာ ရောင်းပေးနေတာ ပြည်သူ့လက်ထဲမရောက်ဘူး။ ရန်ကုန်၊ မန္တလေးမှာပါ ရောင်းပေးနိုင်မှ ရွှေစျေးက ​ကျမှာ” ဟု လက်ရှိရွှေစျေးကွက်အတွင်း ကျပ် ၃၁ သိန်းနှင့် ကျပ် ၃၂ သိန်းအကြား စျေးကစားနေမှုအပေါ် ရွှေလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

နစက၏ ရွှေဒင်္ဂါးပြားများ ရောင်းချမှုကို နေပြည်တော်အပြင် ရန်ကုန်၊ မန္တလေးတွင်ပါ ရောင်းချပေးမည်ဟု သတ္ထုတွင်းဝန်ကြီးဌာနက မီဒီယာများသို့ ဖြေဆိုမှုရှိသော်လည်း တိကျသော ဖြေဆိုမှုမရှိသေးချေ။ လက်ရှိတွင် ပြည်တွင်းဒေါ်လာစျေးမှာလည်း တစ်ဒေါ်လာ ကျပ် ၃၆၀၀ ဝန်းကျင်တွင် တည်ငြိမ်နေပြီး ကမ္ဘာ့ရွှေစျေးမှာမူ ၁ အောင်စလျှင် ၁၇၁၉ ဒေါ်လာဖြစ်သည်။ ထိုသို့ ပြည်တွင်းရွှေစျေး ကျပ် ၃၁ သိန်းဝန်းကျင်၊ တစ်ဒေါ်လာ ကျပ် ၃၆၀၀ ဝန်းကျင် ဖြစ်ပေါ်နေသော်လည်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းကမူ စက်တင်ဘာ ၉ ရက် ရည်ညွှန်းရွှေစျေးနှုန်းကို ရွှေတစ်ကျပ်သား ၂၀၁၂၀၀၀ နှင့် တစ်ဒေါ်လာ ကျပ် ၂၁၀၀ နှုန်းဖြင့်သာ စဥ်ဆက်မပြတ်ဖော်ပြနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *