MT News

Written by Tha Doe

မြန်မာနိုင်ငံမှ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၊ Far Eastern Federal University (FEFU) တက္ကသိုလ်တို့အကြား သဘောတူညီမှုတစ်ရပ်ကို မကြာမီ လက်မှတ်ရေးထိုးနိုင်မည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ သဘောတူညီမှုမှာ အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ဖိတ်ကြားခံရပြီး ရုရှားသမ္မတဗလာဒီမာပူတင်အပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားနိုင်ငံခရီးစဥ်အတွင်း သဘောတူညီမှုတစ်ရပ်လည်းဖြစ်ပြီး စက်တင်ဘာ ၈ ရက်တွင် FEFU တက္ကသိုလ် ပါမောက္ခချုပ် Mr. Boris Nikolaevich Korobets နှင့် အဆိုပါတက္ကသိုလ်၌ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

ထိုသို့ တွေ့ဆုံစဥ် FEFU တက္ကသိုလ် ပါမောက္ခချုပ်က (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) ၏ မျက်နှာစုံညီအစည်းအဝေး Plenary Session ကျင်းပစဉ် “စားနပ်ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ ” ခေါင်းစဉ်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဆွေးနွေးပြောကြားခဲ့မှုအပေါ် သုံးသပ်ထင်မြင်မှုများနှင့် စားနပ်ရိက္ခာလုံခြုံရေးကဏ္ဍ၏ အရေးပါမှုကို သတိပြုမိခဲ့သည့် အခြေအနေများ၊ မြန်မာနိုင်ငံမှ ပညာတော်သင် သင်တန်းသားများ ရုရှားနိုင်ငံ၏ အနောက်ဘက်ပိုင်းရှိ တက္ကသိုလ်အများအပြားတွင် အဆင့်မြင့်ပညာများကို သင်ယူလျက်ရှိသည့် အခြေအနေများနှင့် FEFU တက္ကသိုလ်တွင် ဆေးဘက်ဆိုင်ရာ ဘွဲ့လွန်ပညာရပ်များ စေလွှတ်သင်ကြားသွားမည့် အခြေအနေများ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် စီးပွားရေး ကူးလူးဆက်သွယ်မှုတို့ကို တိုးမြှင့် ဆောင်ရွက်လျက်ရှိသည့်အတွက် ပညာရေးကဏ္ဍတိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်မှုများသည်လည်း အစဉ်အဆက်တိုးမြင့်လာနိုင်မည်ဖြစ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံမှ သင်တန်းသားများ လာရောက်တက်ရောက်မည်ဆိုပါက တက္ကသိုလ်မှ စီမံဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ (FEFU) တက္ကသိုလ်နှင့် မြန်မာနိုင်ငံမှ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် (YUFL) တို့အကြား သဘောတူညီမှုတစ်ရပ်ကို မကြာမီ လက်မှတ်ရေးထိုးနိုင်မည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်ဟု သိရသည်။

အဆိုပါ Far Eastern Federal University (FEFU) တက္ကသိုလ်ကို ၁၈၉၉ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၂၃ နှစ် သက်တမ်းကြာမြင့်ပြီဖြစ်သည့် တက္ကသိုလ်ကြီး တစ်ခုဖြစ်ကြောင်း၊ တက္ကသိုလ်တွင် ဒေသတွင်းနှင့် နိုင်ငံတကာဆိုင်ရာပညာရပ်များ၊ စီးပွားရေးဆိုင်ရာ ပညာရပ်များ၊ စီမံခန့်ခွဲမှုဆိုင်ရာပညာရပ်များ၊ ပညာရေးဆိုင်ရာပညာရပ်များ၊ အင်ဂျင်နီယာ ဆိုင်ရာပညာရပ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပညာရပ်များ၊ ဥပဒေဆိုင်ရာ ပညာရပ်များ၊ ဆေးပညာရပ်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရပ်များကို ပို့ချပေးလျက်ရှိကြောင်း၊ အဆိုပါတက္ကသိုလ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပညာရေးနှင့် သိပ္ပံဝန်ထမ်းဌာန၏ လက်အောက်တွင်ရှိကာ ကျောင်းသားပေါင်း ၄၁၀၀၀ ခန့်ရှိကြောင်းသိရှိရပြီး နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများလည်း တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း၊ ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ ဆေးဘက်ဆိုင်ရာ ပညာတော်သင် သင်တန်းသားများ စေလွှတ်နိုင်မည့် အခြေအနေများအပါအဝင် တက္ကသိုလ်အချင်းချင်း ဘာသာရပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ပညာရေးမြှင့်တင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *