၁၂. ၇. ၂၀၂၃
Written by Ye Kyaw

ရာသီဥတုပြောင်းလဲလာတာနဲ့အတူ အာရှဒေသအတွင်းနိုင်ငံတွေမှာ ဆန်ဈေးမြင့်တက်နေသလို မြန်မာနိုင်ငံအတွင်းမှာလည်း စိုက်ပျိုးမှုလျော့ကျခဲ့တဲ့ ရိုက်ခတ်မှုကြောင့် ဈေးကွက်အတွင်း ဆန်ဝင်ရောက်တာ လျော့နည်းနေလို့ ပြည်တွင်းဆန်ဈေးကလည်း အမြင့်ဈေးအထက် ဆက်လက်မြင့်တက်နေတာဖြစ်ပါတယ်။

လက်ရှိမှာဆိုရင် ပြည်တွင်း လက်လီ၊ လက္ကား ဈေးကွက်အတွင်း ဆန်ချောနဲ့ ဆန်ကြမ်း အမျိုးအစားနှစ်ခုလုံး ဈေးနှုန်းမြင့်တက်နေတာဖြစ်ပြီး ပေါ်ဆန်းဆန် တစ်အိတ်ကို ကျပ် ၁၃၀,၀၀၀ ဝန်းကျင်နဲ့ အလယ်အလတ်အမျိုးအစားဖြစ်တဲ့ တောင်ပျံဆန် တစ်အိတ်ကို ကျပ် ၁၁၅,၀၀၀ ဝန်းကျင်အထိ မြင့်တက်နေတာဖြစ်ပါတယ်။

“အခုက ဆန်ဈေးက ခြောက်ပြည်တစ်အိတ် ကျပ် ၃၁,၅၀၀ ရွှေဘိုပေါ်ဆန်းပေါ့။ ဆန်ဈေးက အတက်ကြီးပဲ။ ဆန်ကြမ်းရော ဆန်ချော‌ရော အကုန်တက်တယ်။ ရွှေဘိုပေါ်ဆန်းတွေထဲမှာဆိုရင် အစားစားပေါ့။ တစ်ပြည် ကျပ် ၅,၂၀၀ ကနေ ၅,၅၀၀ တချို့ဆို ၅,၈၀၀ အထိရှိပါတယ်။ တောင်ပျံကတော့ ၄,၈၀၀ အထိ ရှိနေတယ်။ ဒါတောင် လိုချင်တဲ့ ပမာဏအတိုင်း မရဖြစ်နေတာ” လို့ သင်္ဃန်းကျွန်းမြို့နယ်၊ ဘုရားလမ်းဈေးမှာ ဆန်ရောင်းနေတဲ့ ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

စိုက်ပျိုးမှုလျော့ကျခဲ့တဲ့ ဂယက်ကြောင့် အခုဇူလိုင်လဆန်းပိုင်းမှာ ဈေးကွက်အတွင်းကို ဆန်ဝင်ရောက်တာနည်းလာပြီး ဇွန်လထက်  ၄၀ ရာခိုင်နှုန်းဝန်းကျင် လျော့ကျလာခဲ့တယ်လို့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်က သိရပါတယ်။

“ဆန်က လောလောဆယ်တော့ အဝင်နည်းနေသေးတယ်။ အခု ဇူလိုင်လပိုင်းထဲအရောက်မှာ တစ်ရက်ကို ဆန်အိတ်ရေ သုံးသောင်းဝန်းကျင်လောက်ပဲဝင်တယ်။ ရှေ့လတုန်းကတော့ အိတ်ရေ ငါးသောင်းနဲ့ ခြောက်သောင်းလောက် ဝင်တယ်။ ဒီကိုဝင်တဲ့ ဆန်တွေကတော့ ပဲခူးတိုင်း အရှေ့၊ အနောက်၊ ဧရာဝတီတိုင်း။ အခုလက်ရှိ ဆန်သား ၈၅ ရာခိုင်းနှုန်းတင်က ကျပ် ၅၄,၀၀၀ လက္ကားဈေးပေါ့။ ရတနာတိုးတို့ဘာတို့ ဆန်ကြမ်းပေါ့” လို့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောပါတယ်။

အယ်လ်နီညို‌ခေါ် အပူလှိုင်းဖြတ်သန်းတာကို အာရှတိုက်နိုင်ငံတွေ ကြုံတွေ့ခဲ့ရတာကြောင့် စပါးစိုက်ခင်းတွေ ရေမလုံမလောက်ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် သီးနှံအထွက်ထိခိုက်မှာကို စိုးရိမ်တဲ့ ဆန်တင်သွင်းတဲ့ နိုင်ငံတွေက အစုလိုက်အပြုံလိုက် ဝယ်ယူတင်သွင်းသိုလှောင်နေတာဖြစ်လို့ အာရှဒေသမှာ ဆန်ဈေးနှုန်းက နှစ်ဆကျော် မြင့်တက်နေတယ်လို့ ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်းက ပြောထားပါတယ်။

အာရှဒေသအတွင်း ဆန်ဈေးနှုန်းမှာ ဆန်ကွဲစံနှုန်းအဆင့် ၅ ရာခိုင်နှုန်းသာရှိတဲ့ ထိုင်းနိုင်ငံဆန်တွေဟာ တစ်တန်ကို ၅၃၅ ဒေါ်လာအထိရှိလာခဲ့ပြီး လေးလအတွင်း ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့တာဖြစ်ပါတယ်။

ရာသီဥတုပြောင်းလဲမှုကို စိုးရိမ်ပြီး ဆန်စားသုံးတဲ့ ပြည်ပနိုင်ငံတွေက ဈေးကြီးပေး ဆန်တင်သွင်း သိုလှောင်နေတာကြောင့် အာရှဈေးကွက်အတွင်း ဆန်ဝယ်ယူတာမြင့်တက်နေတာပါ။ ဒီလိုဆန်ဈေးမြင့်တက်မှု ဝယ်လိုအားကြီးမြင့်မှုအခြေအနေမှာတော့ ဆန်တင်ပို့နေတဲ့ နိုင်ငံအများစုကလည်း အရင်ထက် ဆန်ပိုမိုတင်ပို့နိုင်ဖို့ ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ၂၀၂၃ ခုနှစ်ရဲ့ ဒုတိယခြောက်လပိုင်းအတွင်း ဆန်တန်ချိန် လေးသန်းကနေ ငါးသန်းအထိ တင်ပို့နိုင်ဖို့ အခွင့်အလမ်းရှိနေတယ်လို့ ထိုင်းနိုင်ငံ ဆန်တင်ပို့သူများအသင်း ဥက္ကဋ္ဌ ချူကီးရတ် အိုဖာဝုန်ဆီက ပြောပါတယ်။

ဒီလိုပဲ ဗီယက်နမ်နိုင်ငံအနေနဲ့လည်း လက်ရှိအမြင့်ဈေးနှုန်းကို အမိအရဖမ်းယူနိုင်ဖို့အတွက် ပြည်ပနိုင်ငံတွေကို ဆန်ပိုမိုတင်ပို့နိုင်ဖို့ ကြိုးပမ်းနေပြီး ဆယ်စုနှစ်တစ်ခုအတွင်း ၂၀၂၃ ခုနှစ်မှာ ဆန်တင်ပို့တာ အမြင့်ဆုံးအဆင့်ကို မြင့်တက်လာမယ်လို့ မျှော်လင့်ထားပါတယ်။ ဗီယက်နမ်နိုင်ငံက ဆန်ကို ဖိလစ်ပိုင်၊ တရုတ်၊ အင်ဒိုနီးရှားတို့က အဓိကဝယ်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်နဲ့ဆန်ကွဲတန်ချိန် ၂ ဒသမ ၂၆ သန်း တင်ပို့နိုင်ခဲ့တာဖြစ်လို့ ဝင်ငွေဒေါ်လာ ၈၅၃ သန်းရရှိခဲ့ပါတယ်။ အခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ ဆန်နဲ့ဆန်ကွဲ ပိုမိုတင်ပို့ပြီး ဝင်ငွေဒေါ်လာ တစ်ဘီလျံအထိ ရရှိနိုင်မယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ခန့်မှန်းထားတာပါ။ ဒီမျှော်မှန်းချက်ပြည့်မီဖို့ လက်ရှိဖြစ်ပေါ်နေတဲ့ အာရှဆန်ဈေးကွက်က မြန်မာအတွက်လည်း အခွင့်အလမ်းကောင်း တစ်ရပ်အနေနဲ့ ရှိနေတာပါ။

တစ်ဖက်မှာလည်း ပြီးခဲ့တဲ့တစ်နှစ်ခွဲအတွင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းစားဆန်ဈေးနှုန်းတွေကတော့ ဆန်အမျိုးအစားအလိုက် ရာခိုင်နှုန်း ၈၀ ကျော်ကနေ ၁၄၆ ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်ခဲ့တာဖြစ်သလို လက်ရှိမှာလည်း ပြည်တွင်းဆန်ဈေးက တစ်လအတွင်း အဆိုပါအမြင့်ဈေးထက်ကို ဆန်အမျိုးအစားအလိုက် နှစ်ရာခိုင်နှုန်းကျော်မှ လေးရာခိုင်နှုန်းကျော် ထပ်မံမြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ပြည်တွင်းမှာ ဆန်အဝင်နည်းလို့ ဈေးနှုန်းဆက်လက်မြင့်တက်နေမှုနဲ့ နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိစေနိုင်မယ့် အခွင့်အရေးကောင်း စတဲ့အခြေအနေနှစ်ခုကြားမှာ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေကောင်းကို ဖန်တီးနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

တစ်ဖက်မှာလည်း ဓာတ်မြေဩဇာလိုသွင်းအားစုတွေဟာ ရာခိုင်နှုန်း ၃၀၀ ကျော် စျေးတက်ခဲ့တာမို့လို့လည်း မကြာခင် အစိုးရကထုတ်လုပ်ဖို့စီစဥ်နေတဲ့ ဓာတ်မြေဩဇာစက်ရုံတွေလည်ပတ်လာရင် ဆန်စျေးပြန်ကျမလား၊ သီးနှံအထွက်တိုးလာ မလား တွေးချင်စရာရှိနေပေမဲ့ လတ်တလောအခြေအနေမှာတော့ ဆန်ဟာ အမြင့်စျေးမှာပဲ ပြည်သူတွေဆက်ပြီး အကျပ် အတည်းတွေ့တဲ့ပုံစံနဲ့ပဲ ရှေ့ဆက်သွားနေရဦးမဲ့ အခြေအနေပါ။

Leave a Reply

Your email address will not be published. Required fields are marked *