ဓာတ်ပုံ -ပြင်ဦးလွင် ထောပတ်သီးခြံ

၁၂.၇.၂၀၂၃
Written by Hey Mar

အိန္ဒိယသစ်သီးကုန်သည်တွေက လာမယ့်ထောပတ်သီးရာသီမှာ မြန်မာ့ထောပတ်သီးကို တရားဝင် ဝယ်ယူတင်သွင်းခွင့် ရရှိရေး ကြိုးပမ်းနေပြီး အနည်းဆုံးတန်ချိန် ၁,၀၀၀ ဝယ်ယူသွားမှာလို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်း ချသူများအသင်း (MAVO) ရဲ့ တွဲဖက်အတွင်းရေးမှူး(၁) ဦးမျိုးညွှန့်က MT News ကို ပြောပါတယ်။

အိန္ဒိယနိုင်ငံက ထောပတ်သီးစိုက်ပျိုးဖြစ်ထွန်းနိုင်တဲ့ ဧရိယာနည်းပါးပြီး စားသုံးသူဈေးကွက်များပြားတာကြောင့် အခုလိုမျိုး မြန်မာ့ထောပတ်သီးကို တရားဝင်တင်သွင်းဖို့ လုပ်ဆောင်တာလို့ သိရပါတယ်။ အိန္ဒိယသစ်သီးကုန်သည်အဖွဲ့အစည်းရဲ့ ကမ်းလှမ်းထားချက်အရ ထောပတ်သီး တန်ချိန် ၁,၀၀၀ ကို လာမယ့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ထောပတ်သီးရင့်မှည့်တဲ့ရာသီချိန်မှာ တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကနေ သိရပါတယ်။

‘’ကျွန်တော်တို့က အနည်းဆုံး တန်ချိန် ၁၀၀ MOU ထိုးတယ်။ နောက်ပြီး အိန္ဒိယကကြတော့ GGAP (Global Good Agriculture Product) အသိအမှတ်ပြု လက်မှတ်တွေ ဘာတွေပြစရာမလိုဘူး။ (P/C – Participation Certificates) လောက်ပဲတောင်းတာမို့ အဆင်ပြေတယ်’’လို့ ဦးမျိုးညွှန့်က ပြောပါတယ်။

မြန်မာ့ထောပတ်သီးဟာ ပြည်တွင်းအသီးအနှံဈေးကွက်မှာတော့ပထမဆုံး (GAP) လက်မှတ်ရသီးနှံလည်းဖြစ်သလို နိုင်ငံတာကာ မျက်နှာစာမှာ မျက်နှာပန်းလှနေပြီး ဝယ်လက်တွေလည်း ချိတ်မိနေပြီဖြစ်ပေမယ့် အပူအအေးထိန်းစနစ်နဲ့ သိုလှောင်ရုံတွေ ပြည်တွင်းမှာမရှိသေးတာက ဈေးကွက်အတွက် အဟန့်အတားဖြစ်နေရတယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ပြင်သစ်နိုင်ငံနဲ့ ထိုင်းနိုင်ငံမှာပြသတဲ့ ကုန်စည်ပြပွဲတွေကနေ မြန်မာ့ထောပတ်သီးတွေက အတော်လူသိများသွားတယ်။ ပြင်သစ်နိုင်ငံက ပြပွဲမှာဆို လာကြတဲ့ ကုန်သည်တွေက မြန်မာမှာ ကယ်လီဖိုးနီးယားထောပတ်မျိုး (HASS) ဖြစ်ထွန်းတယ်ဆိုတာကို မယုံကြဘူး။ အချက်အလက် အထောက်အထားသေချာပြနိုင်တော့မှ လက်ခံသွားကြတယ်။ စိတ်ဝင်စားကြတယ်။ နောက်ပြီး ထိုင်းနိုင်ငံက ပြပွဲမှာဆို ကုမ္ပဏီ ၁၀၀ ကျော်က ချိတ်ဆက်လာကြတယ်။ စကား ပြောရတယ်။ မနှစ်က မလေးရှားနိုင်ငံကို တန်ချိန် ၁၀၀ ဒီအခွင့်အရေးကနေ တင်ပို့ခွင့်ရလိုက်တယ်။ ထိုင်းကိုလည်း တင်သွင်းခွင့်က ကျွန်တော်တို့က G to G ကိုစောင့်နေတာ။ စင်ကာပူနိုင်ငံကလည်း အဝယ်တော်က ဒီကို မလာနိုင်တော့ Video Call နဲ့ ခေါ်တယ်။ မင်းတို့ရဲ့ Cold Change System, Packaging System တွေ ပြပါဆိုတော့ ဒီမှာက အဲ့ဒီလို စနစ်တွေနဲ့ သို လှောင်ရုံတွေ မရှိသေးဘူး ”လို့ ဆိုပါတယ်။

ပြည်တွင်းမှာ ထောပတ်သီးစိုက်ဧက ၂၀၀၀၀ ကျော်ရှိပြီး GAP စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်နေတဲ့ တောင်သူ ၃၆ ဦးရှိနေပြီဖြစ်ကာ ဧက ၄၀၀ကျော် ရှိတယ်လို့ သိရပါတယ်။ အိန္ဒိယကုန်သည်တွေအနေနဲ့ မြန်မာ့ထောပတ်သီးကို ၂၀၁၉ ခုနှစ်လောက်ကတည်းက ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မန္တလေးအထိဆင်းပြီး ဝယ်ယူတာတွေရှိနေခဲ့တာလို့ သိရပါတယ်။ ပြည်တွင်းထော ပတ်သီး စိုက်ပျိုးထုတ်လုပ်သူတွေအနေနဲ့ ထောပတ်သီးအဆီ၊ ထောပတ်သီး ခေါက်ဆွဲနဲ့  ထောပတ်သီးအခြေခံအလှကုန်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေပြီး လက်ရှိအ‌ခြေအနေမှာတော့ ထုတ်ကုန်စရိတ်စက ကြီးမြင့်မှုတွေကြောင့် ရပ်နားထားရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *