MT News
Written by Pan Ei
၂၀၂၃ ခုနှစ်အတွက် ပရိသတ်တွေ အစောင့်မျှော်နေကြဆုံး ရုပ်ရှင်တစ်ကားဖြစ်ပြီး အခုလထဲ ကမ္ဘာတဝှမ်းမှာ ရုံတင်ပြသတော့မယ့် ‘Barbie’ ရုပ်ရှင်မှာ တောင်တရုတ်ပင်လယ်ပြင်ပေါ်က ဗီယက်နမ်နဲ့ တရုတ်တို့ အငြင်းပွားနေတဲ့ နယ်မြေကို ပြသထားတဲ့ မြေပုံတစ်ခုပါတဲ့ ရုပ်ရှင်ပြကွက်တစ်ခုပါရှိတာကြောင့် ဗီယက်နမ်က ‘Barbie’ ရုပ်ရှင်ကို ပြည်တွင်းမှာ ဖြန့်ဖြူးတာတွေ ပိတ်ပင်လိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာတွေကနေတစ်ဆင့် ဖော်ပြခဲ့ပါတယ်။
ဗီယက်နမ်က သူတို့ရေနံတူးဖော်ခွင့်ရ ကမ်းလွန်ရေတိမ်ပိုင်းနေရာတွေ အပါအဝင်၊ တောင်တရုတ်ပင်လယ်ပြင်ရဲ့ကျယ်ပြောလှတဲ့ နယ်မြေတွေကို တရုတ်ကပိုင်ဆိုင်တယ်လို့ ယူဆရတဲ့ U ပုံသဏ္ဌာန် “nine-dash line” ကို Barbie ရုပ်ရှင်ထဲက မြေပုံသရုပ်ဖော်ရာမှာ အသုံးပြုခဲ့တာကြောင့် ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“Barbie” ရုပ်ရှင်ဟာ တရုတ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့ အငြင်းပွားဖွယ်”nine-dash line” ကို သရုပ်ဖော်ထားတာကြောင့် ဗီယက်နမ်နိုင်ငံမှာ ပိတ်ပင်ခံထားရတဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ DreamWorks ရဲ့ ကာတွန်းရုပ်ရှင် “Abominable” နဲ့ Sony ရဲ့ အက်ရှင်ဇာတ်ကား “Unchartered” ကို အလားတူအကြောင်းပြချက်တွေကြောင့် ပိတ်ပင်ခဲ့ပါတယ်။
Margot Robbie နဲ့ Ryan Gosling တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Barbie ရုပ်ရှင်ကို မူလက ဗီယက်နမ်မှာ ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ရုံတင်ဖို့ စီစဉ်ထားခဲ့တာဖြစ်တယ်လို့ နိုင်ငံပိုင် Tuoi Tre သတင်းစာရဲ့ ဖော်ပြချက်အရ သိရပြီး “Barbie” ရုပ်ရှင်ကို ဗီယက်နမ်မှာ ရုံတင်ဖို့ လိုင်စင်မပေးတော့ဘူးလို့ အစိုးရ ရုပ်ရှင်ဌာန အကြီးအကဲ Vi Kien Thanh က ပြောကြားခဲ့ပါတယ်။
Ref; Reuters

