၂၈. ၆. ၂၀၂၃
Written by Peya

အမေရိကန်တွင် အသက် ၅၈ နှစ်အရွယ် မြန်မာနိုင်ငံဖွား အမျိုးသမီးကြီးကို ကားဖြင့် တိုက်ပြီး ထွက်ပြေးနေသူအကြောင်း သတင်းပေးပါက ဆုငွေ ဒေါ်လာ တစ်သောင်းအထိ ချီးမြှင့်ပေးမည်ဟု သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စာထုတ်ထားကြောင်း အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါကားတိုက်သည့် ဖြစ်စဉ်မှာ ဇွန်လ ၁၆ ရက်၊ ညပိုင်း ၇ နာရီအချိန်က အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Oakland မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လူကူးမျဉ်းကျားမှ မြန်မာနိုင်ငံဖွားအမျိုးသမီးကြီး လမ်းဖြတ်ကူးနေစဉ် တိုက်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မြန်မာအမျိုးသမီးက ခေါင်းမှာ ဒဏ်ရာရသွားတယ်။ ပြင်းထန် ခေါင်းဒဏ်ရာပေါ့။ အဲ့ဒါနဲ့ ဆေးရုံကိုပို့တဲ့အခါ ရတဲ့ဒဏ်ရာနဲ့ပဲ ဆုံးသွားတာပါ။ မိသားစုက ဘယ်သူဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ဒီနေ့မှာတော့ Oakland ရဲတပ်ဖွဲ့က ဆုငွေထုတ်လိုက်တာ” ဟု အထက်ပါ မြန်မာနိုင်ငံသားက ဆိုသည်။

ယာဉ်မောင်းသည် ကားတိုက်မှုဖြစ်ပြီးနောက် မောင်းပြေး သွားခဲ့ခြင်းဖြစ်ကာ Mercedes Benz အမျိုးအစား ဖြစ်ပြီး ကားလိုင်စင် နံပါတ်ပြားကို ပြောင်းတပ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သတိပေးထားကာ ဆုငွေကို ယနေ့ မြန်မာစံတော်ချိန် ဇွန်လ ၂၈ ရက်တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ရဲတပ်ဖွဲ့ရဲ့ စာမှာ မောင်းသူဟာ အရက်သောက်ထားသလား။ ဒါမှမဟုတ် မူးယစ်ဆေးဝါး သုံးထားသလား ဆိုတာ မသိရသေးဘူးလို့ ပါတယ်။ အခုထုတ်တာက Oakland ရဲတပ်ဖွဲ့ က ထုတ်တာ။ သတင်းပေးရင် ဆုငွေ အမေရိကန် ဒေါ်လာ တစ်သောင်းပေးမယ် ဆိုပြီး သံသယရှိသူ ပုံနဲ့ တွဲထုတ်တာ” ဟု ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *