၂၈. ၆. ၂၀၂၃
Written by Pan Ei

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ကမ္ဘာ့ရုပ်အဆိုးဆုံးခွေးပြိုင်ပွဲမှာ အသက် ၇ နှစ်အရွယ် အမွေးမပါတဲ့ခွေးမျိုးစိတ်ဖြစ်တဲ့ Chinese Crested အမျိုးအစား ခွေးလေး စကူတာ (Scooter) က ပထမဆုရရှိခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ပက်တာလူမာမြို့မှာ နေထိုင်တဲ့ Linda Celeste Elmquist ရဲ့ ခွေးလေး စကူတာဟာ ကမ္ဘာ့ရုပ်အဆိုးဆုံးခွေးအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပြီး “ကမ္ဘာ့အရုပ်ဆိုးဆုံးခွေးပြိုင်ပွဲမှာ စကူတာ အောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။

အမွေးကျဲကျဲနဲ့ ကြွက်အမြီးနဲ့တူတဲ့ အမြီးပါတဲ့ ခွေးလေး စကူတာက ချို့ယွင်းနေတဲ့ နောက်ခြေထောက်နှစ်ချောင်းတွေနဲ့အတူ ဘဝကို ခက်ခဲစွာကျော်ဖြတ်ခဲ့ရပြီး ခွေးပေါက်စလေးဘဝကတည်းက မွေးမြူသူတစ်ဦးက သူ့ကို စွန့်ပစ်ဖို့လုပ်ခဲ့ရာမှာ လက်ရှိသခင်ဖြစ်တဲ့သူက ခေါ်ယူမွေးစားခဲ့တာပါ။ ဒီခွေးလေးဟာ ခက်ခဲမှုတွေကို အံတုပြီး ခံနိုင်ရည်ရှိမှုနဲ့အတူ စိတ်ပိုင်းဖြတ်ထားမှုရဲ့ စစ်မှန်တဲ့အဓိပ္ပာယ်ကို ပြသခဲ့တာကြောင့် “စကူတာလေးက ကမ္ဘာတဝှမ်းမှာရှိတဲ့ မရေမတွက်နိုင်တဲ့လူတွေအတွက် လှုံ့ဆော်မှုတစ်ခုဖြစ်လာစေမှာပါ” လို့ Elmquist က ပြောပါတယ်။

ဒုတိယဆုကိုတော့ စတုတ္ထအကြိမ်ဝင်ပြိုင်တဲ့ ၇ နှစ်အရွယ် အမွေးပွခွေးလေး Wild Thang က ရရှိခဲ့ပြီး တတိယဆုကိုတော့ ၁၆ နှစ်အရွယ် ချီဟွာဟွာအမျိုးအစား ခွေးလေး Harold Bartholomew တို့က ရရှိခဲ့ပါတယ်။

ကမ္ဘာ့ရုပ်အဆိုးဆုံးခွေးပြိုင်ပွဲဟာ ချို့ယွင်းချက်ရှိတဲ့ခွေးတွေကို ဂုဏ်ပြုပေးဖို့နဲ့ မွေးစားပေးမဲ့ အိမ်ကောင်းတွေ လိုအပ်နေတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို အားပေးဖို့ ရည်ရွယ်ချက်နဲ့ နှစ်စဉ်ကျင်းပတာဖြစ်ပြီး အခုနှစ်ကျင်းပတဲ့ ပွဲမှာ အကဲဖြတ်ဒိုင်တွေရဲ့ နှလုံးသားကို အနိုင်ယူနိုင်ခဲ့တဲ့ ခွေးလေး စကူတာက ပထမဆု ဒေါ်လာ ၁၅၀၀ နဲ့ ဆုဖလားကို ရရှိခဲ့ပါတယ်။

Ref; UPI News

Leave a Reply

Your email address will not be published. Required fields are marked *