၂၈. ၆. ၂၀၂၃
Written by Nay Moe

ပြီးခဲ့သော ဇွန်လ၂၃ တစ်ရက်တည်းတွင်ပင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအပါအဝင် လူ ၈ ဦး ပစ်ခတ် သ-တ်ဖြတ်ခံခဲ့ရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ဖြစ်စဥ်များမှာ ဇွန်လ ၂၃ ရက်နေ့ နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ်(၄)ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဆန်းမောင်(၇၇)နှစ် (ဘ)ဦးတင်သည် ၎င်း၏ နေအိမ်၌ရှိနေစဉ် PDF နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးဆန်းမောင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကျောက်တံတားရွာသစ်ကျေးရွာအနီး ငါးလုံးပြွန်ရေပေးဝေရေးရေမြောင်းအတွင်း၌ ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် အသက် ၄၀ နှစ်ခန့် အမျိုးသား တစ်ဦး(စိစစ်ဆဲ)တွင် မျက်လုံးအား အဝတ်စဖြင့်စည်းကာ လက်နောက်ပြန်ကြိုးတုပ်လျက် ကျည်ထိမှန်ဒဏ်ရာ၊ ပြတ်ရှ ဓားဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည်ကိုတွေ့ရှိရ၍ မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထို့အတူ ညနေ ၆ နာရီ ၅၀ မိနစ်တွင် ညောင်ဦးမြို့နယ်၊ ညောင်ဦး-မြင်းခြံသွားကားလမ်း အုန္နဲချောင်းကျေးရွာအဝင်လမ်းထိပ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးသိန်းအောင် (၆၀)နှစ် (ဘ)ဦးထွန်းရင်သည် ကန်တောကျေးရွာမှ ၎င်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အကြမ်းဖက်သူ အမျိုးသား လေးဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်၊ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသိန်းအောင်တွင် ကျည်ထိမှန်ဒဏ်ရာ၊ ပြတ်ရှ ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ A.USA 380 AUTO ကျည်ခွံ တစ်ခု၊ ကျည် တစ်တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းအပြင် ည ၇ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၄) ရပ်ကွက်၊ စီ-၁လမ်းနှင့် စိန်ပန်းလမ်းထောင့်၌ ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်ဖြစ်သူ ဦးလှကြည်(၇၇)နှစ် (ဘ)ဦးရွှေဒုံးသည် YGN-11 4H-XXXX TOYOTA Surf အမျိုးအစား မော်တော်ယာဉ်ဖြင့် အပြင်မှ ၎င်း၏နေအိမ်သို့ ပြန်လာစဉ် အခင်းဖြစ်နေရာအရောက်၌ ဆိုင်ကယ် တစ်စီးဖြင့် Dagon Seikkan PDF နှစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် အဆိုပါ မော်တော်ယာဉ်၏ ယာဘက်ရှေ့လေကာမှန်၊ ဝဲဘက်ရှေ့လေကာမှန်နှင့် ဝဲဘက်အလယ်လေကာမှန်တို့တွင် ကျည်ထိမှန်ပျက်စီးခဲ့ကာ ဦးလှကြည်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိစဉ် ဦးလှကြည်မှာ ရရှိထားသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး အခင်းဖြစ်နေရာ အနီးမှ LUGER ကျည်ခွံ ၁၂ ခုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တစ်ရက်တည်းမှာပင် ထိုနေ့ ည ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံး ဥသျှောင်ရပ်ကွက်၊ ၁၀၅ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြား၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ရပ်ကွက်နေ ရာအိမ်မှူးဖြစ်သူ ဦးမြတ်ထူး(၅၆)နှစ် (ဘ)ဦးအေးမောင်သည် ၎င်း၏ သားဖြစ်သူ မောင်ရဲမြင့်မိုရ်ထူး(၂၁)နှစ်နှင့်အတူ ဒေါနခြံရပ်ကွက်မှ ၎င်းတို့၏နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် နေအိမ်ရှေ့အရောက်၌ ဆိုင်ကယ် မောင်းနှင်လာသည့် အကြမ်းဖက်သူ အမျိုးသား နှစ်ဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမြတ်ထူးနှင့် မောင်ရဲမြင့်မိုရ်ထူးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်များအပြင် ည ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကန်သာဦးရပ်ကွက်၊ အောင်မင်္ဂလာလမ်း၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးထွန်းထွန်းနိုင် (၃၉)နှစ် (ဘ) ဦးကျော်တင်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်မေသင်း(၃၃)နှစ် (ဘ) ဦးဝင်းနိုင်နှင့်အတူ ၎င်းတို့၏ နေအိမ်၌ရှိနေစဉ် PDF ခြောက်ဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သ-တ်ဖြတ် ထွက်ပြေးသွားခဲ့သဖြင့် ဦးထွန်းထွန်းနိုင်နှင့် ဒေါ်ခင်မေသင်း တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်ရပ်များအ​ပြင် ဇွန်လ ၂၄ ရက်နေ့ နံနက် ၇ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကိုတိုး(ခ)ရွှေတိုး (၄၅)နှစ် (ဘ)ဦးညိုမောင်သည် ကျေးရွာရှိ လယ်ကွင်းများအတွင်း၌ နွားကျောင်းနေစဉ် PDF အဖွဲ့(အင်အားစိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ကိုတိုး(ခ)ရွှေတိုးတွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၂၁ နွေဦးတော်လှန်ရေးဖြစ်စဥ်အပြီးတွင် သံဃာ၊ ကျောင်းသား၊ ဆရာ၊ ဆရာမများ၊ ရပ်ကျေးဥက္ကဋ္ဌများ၊ NLD ပါတီမထောက်ခံသောသူများကို NUG, PDF က “သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်အောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲကာ ပြည်သူ ၆၀၀၀ မှ ၉၀၀၀ ခန့်အကြား သတ်ဖြတ်ထားသည်ဟု သုတေသနများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *