၂၈. ၆. ၂၀၂၃
Written By Thandar

“မမြင့်” သီချင်းနဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ တေးသံရှင် ပုံရိပ်က “Someone Is Sick Today” Album က ဖျားနေတဲ့အချိန် နုံးခွေနေတဲ့အချိန်မှာ နားထောင်ရင် ပိုအဆင်ပြေဖို့ ထွက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

“မိုးရာသီ ရသတွေ ခံစားရအောင် အကောင်းဆုံးပြင်ဆင်ထားပါတယ်။ ကျွန်တော့်ရဲ့ Album ကို ဖျားနေတဲ့အချိန် နုံးနေတဲ့အချိန်မှာ နားထောင်ရင် ပိုအဆင်ပြေမယ်။ ကျွန်‌တော်ကလည်း ကျွန်တော့်ရဲ့ မပြည့်မစုံ အချိန်တွေကနေ ဒီလိုမျိုးကျော်ဖြတ်ခဲ့ရတာမို့ ကိုယ့်ခံစားချက်တွေကို ဦးစားပေးထည့်ထားတယ်” လို့ သူက ဆိုပါတယ်။

မမြင့် သီချင်းကို ကြိုက်နှစ်သက်ခဲ့ကြတဲ့ ပရိသတ်တွေအတွက် မမြင့်လို သီချင်းပုံစံမျိုး အနည်းငယ်တူတဲ့ သီချင်းတွေလည်း ပါဝင်သလို လူငယ်အကြိုက်ပုံစံနဲ့ ကိုယ့်အကြိုက်ပုံစံတွေလည်း ထည့်ထားတယ်လို့ဆိုပါတယ်။ တေးသံရှင် ပုံရိပ်ရဲ့ ပထမဦးဆုံး တစ်ကိုယ်တော်သီချင်းခွေမှာ သီချင်း ၈ ပုဒ်ပါဝင်ပြီး တစ်ပုဒ်နဲ့ တစ်ပုဒ်ရသမတူအောင် ထုတ်လုပ်ထားတယ်လို့လည်း သိရပါတယ်။ အဆိုပါ သီချင်းခွေမှာ Featuring အနေနဲ့ ရဲရင့်အောင် ၊ Double J ၊ အောင်ကောင်းမြတ်နဲ့ ထူးမြတ်ဇော် ပါဝင်သီဆိုပေးထားကြပါတယ်။

“‘မမြင့်’ ပေါက်ခဲ့သလို ရှေ့က သီချင်းတွေကို မီရမယ် ပေါက်ရမယ်ဆိုတဲ့ စိတ် ကျွန်တော့်မှာ မရှိပါဘူး။ ကျွန်တော် ဂီတပိုင်းကို လုပ်ချင်တယ်။ အဆိုတော်တိုင်းအတွက်ကတော့ Album ဆိုတာ လုပ်ချင်ကြတာပဲလေ။ Album တစ်ခုကိုလုပ်ချင်တဲ့ ကျွန်တော့်ခံစားချက်နဲ့လည်း တူရမယ်။ မမြင့်သီချင်းကို မီအောင်လုပ်မယ်ဆိုတဲ့ စိတ် ၊ စိတ်ထဲမှာ မရှိပါဘူး။ ဖြစ်ချင်တာကို ဖြစ်အောင် လုပ်ခဲ့တဲ့ သဘောပါပဲ”လို့ တေးသံရှင် ပုံရိပ်က ဆက်ပြောပါတယ်။

ဒီ Album ဟာ မမြင့် သီချင်းအောင်မြင်ခဲ့တဲ့အတွက် လက်ရှိ ဂီတပိုင်းတွေကို ပိုမိုလုပ်ဆောင်လာနိုင်တဲ့ အသက် ၂၀ ဝန်းကျင် လူငယ်တွေရဲ့ ဖန်တီးမှုလည်း ဖြစ်ပါတယ်။ ဒီသီချင်းခွေကို ဇွန်လ ၂၇ ရက်က International Streaming Platforms တွေက ထွက်ရှိခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *