၂၈. ၆. ၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် ထိုးသွင်းဒဏ်ရာများစွာဖြင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို တွေ့၍ ဆေးကုသမှုပေးခဲ့ရာ ဆေးရုံတွင် သေဆုံးသွားပြီး မိသားစုကို အဆက်အသွယ်မရ ဖြစ်နေကြောင်း လူနာကို ဆေးရုံပို့ပေးခဲ့သည့် ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းမှ ကိုသန်းထိုက်အောင် က MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ မေလ ၂၈ ရက် နံနက်ပိုင်း ၁ နာရီ အချိန် ကြည့်မြင်တိုင်မြို့နယ် ဘန္ဒာပင်လမ်းတွင် အသက် ၃၅ နှစ်အရွယ်ခန့် အမျိုးသားတစ်ဦး သွေးများဖြင့် လဲနေကြောင်း သတင်းအရ လူနာကို သယ်ယူကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ပေးခဲ့ခြင်းဖြစ်သော်လည်း ဆေးရုံရောက်၍ ၁၀ မိနစ်ခန့်အကြာတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကာ မိသားစုက သိရှိနိုင်ရန်အတွက် သေဆုံးသူ ၏ ဓာတ်ပုံကို တင်ပေးထားသော်လည်း မိသားစုက ဆက်သွယ်မလာသေးကြောင်း သိရသည်။

“ဒဏ်ရာတွေက အများကြီးပဲဗျ။ အချွန်အထက် အကြီးတွေနဲ့ ထိုးတာမဟုတ်ဘူး။ (ထိုးသွင်း) ဒဏ်ရာ အရွယ်အစားက တော်တော် သေးတယ်။ လက်စွပ်နဲ့ ထိုးတယ်ခေါ်မလား။ နေရာအစုံမှာ တွေ့တယ်” ဟု ကိုသန်းထိုက်အောင်က ဆိုသည်။

လူနာကို တွေ့သည့်အချိန်နှင့် ဆေးရုံရောက်သည့်အချိန်အထိ သတိရှိနေသေးသည်ကို တွေ့ရကာ အထိုးခံရပြီး နာရီဝက်ခန့်အကြာတွင် ဒဏ်ရာရသူကို သယ်ရန်အတွက် ရောက်သွားသည်ဟု ယူဆရကြောင်း လည်း ၎င်းက ဆိုသည်။

“အပြန်အလှန် စကားပြောတာမျိုး မလုပ်နိုင်တော့ဘူး။ အင်း အဲ က လွဲပြီး ကျန်တာ ဘာမှမပြောနိုင်ဘူး။ သူ့ကိုယ်က ကျွန်တော်တို့ ရောက်တဲ့အချိန် မြောင်းနံ့တို့ သွေးနံ့တို့ပဲ ရတယ်” ဟု ကိုသန်းထိုက်အောင်က ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *