၂၈. ၆. ၂၀၂၃
Written by Nay Moe

ဇွန်လ ၂၀ တွင် ထောင်ကပြန်လွတ်လာသည့် ဦးသောဘိတ(အလင်္ကာကြယ်) ပျောက်ဆုံးနေမှုအတွက် အသက်အန္တရာယ် စိုးရိမ်မိသည်ဟု သံဃသမဂ္ဂ(မန္တလေး)က ပြောသည်။

ဦးသောဘိတ(အလင်္ကာကြယ်)သည် ပြီးခဲ့သော ဇွန်(၂၀)ရက်က လွတ်ရက်စေ့၍ လွတ်လာခဲ့သည်ဟု Myanmar Now သတင်းမီဒီယာ၏ ဖော်ပြချက်အရ ကနဦး သိရှိခဲ့ရသည်။ ဦးသောဘိတ(အလင်္ကာကြယ်)သည် လွတ်ရက်စေ့သော ဇွန်(၂၀)ရက် ကတည်းက အိုးဘိုအကျဉ်းထောင်တွင် မရှိတော့သလို လက်ရှိအချိန်တွင် မိသားစုနှင့်ပါ အဆက်အသွယ်ပြတ်နေသည်မှာ (၇)ရက်ခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်ဟု သံဃသမဂ္ဂက ဆိုသည်။

ဦးသောဘိတ(အလင်္ကာကြယ်)ကို ပုဒ်မ(၆၆)(ဃ)အမှုနှင့် အမရပူရတရားရုံးတွင် ထောင်ဒဏ်(၂)နှစ် ချမှတ်ခဲ့သည်။ ထို့အပြင် ထောင်တွင်းတရားရုံးတွင် ဆရာတော်ဦးသောဘိတ(အလင်္ကာကြယ်)ကို ပုဒ်မ(၅၀၅)(က)နှင့် နောက်ထပ် ထောင်ဒဏ်(၂)နှစ် ချမှတ်ခဲ့ခြင်းကြောင့် စုစုပေါင်း(၄)နှစ်ရှိပြီး လျော့ရက်များနှင့် တွက်ပါက ဇွန်(၂၀)ရက်မှာ လွတ်ရက်စေ့ခဲ့သည်ဟုလည်း ဆိုသည်။

ဦးသောဘိတ(အလင်္ကာကြယ်)သည် တိုင်းပြည် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ ရပိုင်ခွင့် အခွင့်အရေးများအတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့သော အထင်ကရ ရဟန်းတော်တစ်ပါးလက်ရှိ ပျောက်ဆုံးနေသည့် ဦးသောဘိတ(အလင်္ကာကြယ်)၏ အသက်အန္တရာယ်အတွက် စိုးရိမ်မိကြောင်းသံဃသမဂ္ဂ(မန္တလေး)က ယမန်နေ့ရက်စွဲဖြင့် အသိပေးထုတ်ပြန်လိုက်သည်။

Leave a Reply

Your email address will not be published. Required fields are marked *