၂၆. ၆. ၂၀၂၃
Written by Pan Ei

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာရှိတဲ့ အထက်တန်းကျောင်းတစ်ကျောင်းရဲ့ ကျောင်းဝန်းအတွင်းမှာ ပြီးခဲ့တဲ့ သောကြာနေ့က မီးသတ်လေ့ကျင့်ရေး သရုပ်ပြ၊ သင်ခန်းစာပေးနေစဉ် မီးသတ်ဆေးဘူး ပေါက်ကွဲခဲ့ပြီး ကျောင်းသားတစ်ဦး သေဆုံးကာ အခြား ကျောင်းသား၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-06-26_14-54-06.jpg

ကျောင်းဝန်းထဲမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ သရုပ်ပြပွဲအတွင်း ကျောင်းသားတွေအနီး နေရောင်အောက်မှာချထားတဲ့ မီးသတ်ဆေးဗူးက ပေါက်ကွဲခဲ့တာဖြစ်ပြီး သတ္တုအပိုင်းအစတွေက ကျောင်းသားတစ်ယောက်ရဲ့ ရင်ဘတ်ကို ထိမှန်ခဲ့ကာ သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ ဘန်ကောက်မြို့ရဲမှူး Thiti Saengsawang က ပြောကြားခဲ့ပါတယ်။

ဘန်ကောက်မြို့မှာ သောကြာနေ့က အပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့နေခဲ့တာဖြစ်ပြီး ပြင်ပအပူချိန် မြင့်မားမှုကြောင့် မီးသတ်ဆေးဘူး ပေါက်ကွဲသွားခြင်း ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကနဦး စုံစမ်းစစ်ဆေးမှုအရ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-06-26_14-49-51.jpg

လူသေဆုံးသည်အထိ ပေါ့ဆမှုစွဲချက်နဲ့အတူ လူသုံးဦးထက်မနည်း စွဲချက်တင်ခံရနိုင်တယ်လို့ ရဲမှူးက ပြောကြားခဲ့ပေမဲ့ ဘယ်သူတွေလဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

ပညာရေးဝန်ကြီး Treenuch Thienthong က “မီးသတ်လေ့ကျင့်မှုကို ခြောက်နှစ်အတွင်းမှာမှ ပထမဆုံးအကြိမ်အဖြစ် ဘန်ကောက်မီးသတ်ဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တာဖြစ်တယ်”လို့ ပြောကြားခဲ့ပြီး အရင့်အရင်က ကျောင်းတွေမှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့် သရုပ်ပြမှုများစွာမှာလည်း အခုလို မတော်တဆမှုမျိုး မကြုံခဲ့ဖူးကြောင်း သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။

Ref; AP

Leave a Reply

Your email address will not be published. Required fields are marked *