၂၆. ၆. ၂၀၂၃
Written by Nay Moe

အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံနှင့် အဖွဲ့အစည်းပေါင်း ၅၀ ကျော်၏ ထောက်ပံ့ငွေဖြင့် လည်ပတ်နေပြီး မြန်မာပြည်တွင်လည်း အကျိုးအမြတ်မယူသောအဖွဲ့အစည်းအဖြစ် နိုင်ငံတစ်ဝန်းတွင် ဝန်ထမ်းပေါင်း ၄၀၀၀ ကျော်နှင့် လည်ပတ်နေသော Pact Myanmar သည် ယခုလကုန်တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ပြီး ချေးပေးထားသော ငွေများကို အတိုးရောအရင်းပါ တောင်းခံတော့မည်မဟုတ်ဟု အသိပေးလာကြောင်း Pact Myanmar မှ သိရသည်။

အမေရိကန်အစိုးရ၊ USAID အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း ၅၀ ကျော်၏ ပံ့ပိုးမှုဖြင့် လည်ပတ်နေပြီး မြန်မာပြည်သူများဖွံ့ဖြိုးရေးလုပ်ဆောင်နေသည့် Pact Myanmar မှ ဝန်ထမ်းများအား ပြီးခဲ့သည့် မတ်လ ၄ ရက်တွင် NUG ဩဇာခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် – အနောက်ပိုင်းတိုင်းအဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးကာ Pact Myanmar ဝန်ထမ်းများထံမှ စာရွက်စာတန်းများ၊ Mytel ဆင်းကတ်များ၊ ကုမ္ပဏီပိုင် ဖုန်း ၂ လုံး၊ ငွေကြေး ကျပ် ၄၉ သိန်းကျော်(ကျပ် ၄၉၅၄၅၀၀) ကို PDF တို့က သိမ်းယူခဲ့သည့်ဖြစ်စဥ်အပြီးတွင် Pact Myanmar က မြန်မာ့ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ ပါဝင်ခြင်းကို ရပ်တန့်နုတ်ထွက်ခဲ့ခြင်းလည်း ဖြစ်သည်။

“ဒီလကုန်မှာပဲ Pact က မြန်မာနိုင်ငံကနေ ထွက်တော့မှာလို့ သိရသလို ဒီနေ့ကစ မြန်မာပြည်သူတွေဆီ ချေးပေးထားတဲ့ ချေးငွေအတိုးရောအရင်း လျော်ပေးလိုက်လို့ ဘယ်သူ့ကိုမှ Pact ချေးငွေအတိုးရောအရင်းပါ ပေးစရာမလိုတော့ဘူးလို့ အကြောင်းကြားလာပါတယ်”ဟု Pact Myanamar ဝန်ထမ်းတစ်ဦးက ပြောသည်။

အလားတူပင် Pact Myanmar (Pact Global Microfinance Fund) ၏ Enterprise Manager တစ်ဦးကလည်း Pact Myanmar မှာ မြန်မာ့စျေးကွက်မှ ယခုလကုန်မှစတင်ထွက်ခွာမည်ဖြစ်ကြောင်း၊ ချေးပေးထားသော ချေးငွေများကို ပြန်လည်ပေးရန် မလိုတော့ကြောင်း အသိပေးထားသည်။

မြန်မာ့စျေးကွက်မှ Pact Myanmar ထွက်ခွာမည့် ရုံးတွင်းစာတွင်လည်း Pact Myanmar (PGMF) အား ဇွန်လ ၃၀ မှ စတင်ကာ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ရန် မဖြစ်နိုင်တော့ကြောင်း ထို့ကြောင့် ဆက်လက်လုပ်ဆောင်ပါက တရားမဝင်လုပ်ရမည်ဖြစ်၍ ဝန်ထမ်းများအတွက် အန္တရာယ်ရှိကြောင်း၊ ချေးငွေလက်ကျန်များကို ခုနှိမ်ပေးမည်ဖြစ်၍ မည်သူမျှ ထိုချေးငွေကို ပြန်လည်ပေးဆပ်ရန် တာဝန်မရှိတော့ကြောင်း အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News