MT News

Written by Nay Moe

ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်က တပ်မတော်အရာရှိ ဇနီးမောင်နှံနှင့် တပ်သားတစ်ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့သည့် လှိုင်မြို့နယ်တွင် ရာအိမ်မှူးလင်မယားနှင့် တူဖြစ်သူတို့ သုံးဦးထပ်မံပစ်သတ်ခံရမှု အောက်တိုဘာ ၂၂ရက် နံနက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်၊ ၂ ရပ်ကွက် သီရိ ၅ လမ်းမှ ရာအိမ်မှူးဦးတင်မောင်ဝင်းနှင့် ဇနီးဖြစ်သူ မတင်နု လင်မယားအား အောက်တိုဘာ ၂၂ရက် နံနက် ၈ နာရီကျော်က နေအိမ်အတွင်း လာရောက်ပစ်ခတ်သဖြင့် ဇနီးမောင်နှံနှစ်ဦးစလုံး သေဆုံးခဲ့သည်ဟု သိရသည်။ ထို့ပြင် တူဖြစ်သူကိုစန်းထက်နိုင်မှာလည်း သေဆုံးခဲ့သည်ဟု News of Myanmar သတင်းတွင် ဖော်ပြမှုအရ သိရသည်။

“ မနက် ၈ နာရီခွဲလောက်အထိ အလောင်းလာမကောက်သေးဘူး။ ဘာလို့ပစ်သတ်သွားတာလဲဆိုတော့ ရာအိမ်မှုးဖြစ်နေလို့ သတ်သွားတာလို့ သိရတယ်” ဟု သီရိ ၅ လမ်းနေသူတစ်ဦးက အောက်တိုဘာ ၂၂ရက်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်ကလည်း (၁၃) ရပ်ကွက်၊ ဗဟိုလမ်းနှင့် ပေါင်းစီးလမ်းထောင့်တွင် လူ(၃)ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သတင်းအရ သွားရောက် စိစစ်ခဲ့ရာ စားအုန်းဆီ လာထုတ်သည့် အမြောက်တပ်မှ ဗိုလ်ကြီးမြင့်ဆွေ၊ ဇနီးဖြစ်သူ မရတနာဦး နှင့် တပ်သား အောင်ကိုမင်း (အချက်အလက်စိစစ်ဆဲ)တို့သည် နေအိမ်မှ လမ်းလျှောက်လာစဉ် ယာဉ်အမှတ်/အမျိုးအစား(စိစစ်ဆဲ)ပေါ်မှ လူ(၃)ဦး(စိစစ်ဆဲ) ဆင်းလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဗိုလ်ကြီးမြင့်ဆွေ၌ ဦးခေါင်း ထိမှန်ဒဏ်ရာ (၁)ချက်ဖြင့် သေဆုံး၊ မရတနာဦး၌ ကျောကုန်း ဝဲဘက် ဖောက်ဝင် ဒဏ်ရာ (၂)ချက်ဖြင့် သေဆုံး၊ တပ်သား အောင်ကိုမင်း ၌ ဦးခေါင်း ထိမှန်ဒဏ်ရာ (၁)ချက်ဖြင့် သေဆုံး အသီးသီး သေဆုံးခဲ့ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ 9 MM LUGER ကျည်ခွံ (၁၁)ခု တွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူ ဗိုလ်ကြီး မြင့်ဆွေ၊ မရတနာဦး နှင့် တပ်သား အောင်အောင် တိုအား ဆရက(၁/၁၀၀၀) သို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *