MT News

Written by Tha Doe

အာဆီယံနှင့် ရုရှားနိုင်ငံကို ချိတ်ဆက်မည့် လမ်းကြောင်းနှစ်ခုလိုအပ်နေပြီး တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမ (BRI) နှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ကြောင်း ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့တွင် ကျင်းပနေသည့် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “စားနပ်ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၇ ရက်တွင်ဆွေးနွေးစဥ် ထည့်သွင်းပြောကြားခဲ့သည်။

အာဆီယံနှင့် ရုရှားနိုင်ငံကို ချိတ်ဆက်မည့် လမ်းကြောင်းနှစ်ခုအဖြစ် အာဆီယံဒေသမှ ရုရှားနိုင်ငံအလယ်ပိုင်းသို့ အနီးဆုံးကုန်းလမ်းကြောင်းတစ်ခုနှင့် အာဆီယံဒေသမှ တောင်အာရှဒေသ၊ ပင်လယ်ကွေ့ဒေသနှင့် အလယ်အာရှဒေသတို့ကို ဖြတ် သန်းပြီး ရုရှားနိုင်ငံသို့ ဆက်သွယ်ရေးလမ်းကြောင်း ၁ ခု မဖြစ်မနေ လိုအပ်နေပြီး တရုတ်နိုင်ငံမှ ဆောင်ရွက်နေသည့် Belt and Road Initiative(BRI) နှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ကြောင်း SAC ဥက္ကဋ္ဌက အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက် လာသည့် နိုင်ငံခေါင်းဆောင်များသို့ ယင်း၏ အမြင်ကို ဆွေးနွေးပြောကြားသည်။

အာဆီယံအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ပထဝီဝင်မြေအနေအထားအရ အရှေ့တောင်အာရှ၊ တောင်အာရှဒေသတွင်းနိုင်ငံများနှင့် ကုန်သွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း၊ အနောက်ဥရောပနိုင်ငံများနှင့် အာရှအရှေ့ပိုင်းဒေသများသို့ ကူးလူးဆက်သွယ်ရာတွင်လည်းကောင်း အဓိကကျသောနေရာတွင် တည်ရှိနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အဆင်ပြေချောမွေ့စေရေး လိုအပ်သည့် ဥပဒေများပြဋ္ဌာန်း၍ ဆောင်ရွက်ပေးလျက်ရှိသည်၊၊ သို့ဖြစ်၍ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည်ဆိုပါက ထုတ်ကုန်များကို ကမ္ဘာ့နိုင်ငံအသီးသီးသို့ တင်ပို့ရောင်းချရာတွင် လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အကျိုးအမြတ်များစွာ ရရှိစေမည်ဖြစ်သည့်အပြင် ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေး (Food Security) အတွက် များစွာအထောက်အကူပြုစေမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်ရေး ဖိတ်ကြားပါကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်လာသည့် နိုင်ငံခေါင်းဆောင်များကို ဖိတ်ခေါ်ခဲ့သည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၄၇ ခုပါဝင်ထားသည့် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) စီမံကိန်းအတွက် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာနိုင်ငံသို့လာရောက်ပြီးနောက် စီမံကိန်း ၃၃ ခု သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါစီမံကိန်းများတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း၊ မူဆယ်- မန္တလေး အမြန်ရထားလမ်း၊ ရန်ကုန်မြို့သစ်စီမံကိန်း၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၊ မန္တလေး-ပုဂံရထားလမ်းစီမံကိန်း၊
မီးလင်းချိုင့်သဘာဝဓာတ်ငွေ့စီမံကိန်းများ စသည့်စီမံကိန်းများကို သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိတွင်လည်း ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *