MT News

ပခုက္ကူမြို့တွင် အသက် ၁၃ နှစ်အရွယ်ခန့်ရှိ အမျိုးသမီးငယ်တစ်ဦးအား သက်ငယ်မုဒိမ်းပြုကျင့်မှု စက်တင်ဘာ ၅ ရက်နေ့က ဖြစ်ပွားခဲ့ပြီး တရားခံဟု ယူဆရသူအား ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ဖြစ်စဥ်မှာ ပခုက္ကူမြို့ အမှတ် (၁) ရပ်ကွက်နေ အသက် ၁၃ နှစ်အရွယ်ခန့် မ…. မှာ စက်တင်ဘာ ၅ ရက်နေ့က ပခုက္ကူမြို့မစျေးနှင့် အနီးတစ်ဝိုက် စျေးရောင်းသွားချိန် ပြန်မလာသဖြင့် ရပ်ကွက်အတွင်းမှ ရပ်ကျေးတာဝန်ရှိသူများက လိုက်လံရှာဖွေခဲ့ကြသည်။ သို့သော် ပြန်လည်ရှာဖွေတွေ့ရှိမှုမရှိဘဲ စက်တင်ဘာ ၆ ရက်နံနက်တွင်မှ အမျိုးသမီးငယ်အား ပေါက်လမ်းအနီးရှိ အနောက်ပန်းခြံအနီး ဟိုတယ်ရှေ့မှ ဘေးတွဲဆိုင်ကယ်ဖြင့် နေအိမ်သို့ တင်ပေးရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာစဥ် အသိစိတ်မရှိသဖြင့် ရပ်ကွက်အတွင်းနေ သူနာပြုဆရာမနှင့် စမ်းသပ်ကြည့်ရာ အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာများ တွေ့ရှိသဖြင့် ပခုက္ကူဆေးရုံကြီးသို့ တင်ပို့ခဲ့ရကြောင်း စက်တင်ဘာ ၈ ရက်တွင် ပခုက္ကူမြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက ပြောကြားသည်။

” စက်တင်ဘာ ၅ ရက် ညဘက်အထိ ကလေးမလေးက ပြန်မလာတော့ ရပ်ကွက်က မိသားစုဝင်တွေ လူငယ်တွေက ကျွန်တော့်ဆီရောက်လာတော့ တတ်အားသမျှ ကူညီရှာဖွေကြတာပေါ့။ ဒါပေမဲ့ ဟိုတယ်ထဲ ရောက်နေမယ်လို့တော့ မထင်မိကြဘူး။ စက်တင်ဘာ ၆ ရက်မနက်ကျတော့ ကလေးမလေးကို ဘေးတွဲဆိုင်ကယ်နဲ့ တင်ပေးလိုက်တော့ ကလေးမလေးက အသိစိတ်လွတ်နေတဲ့ ပုံစံနဲ့ ပြန်ရောက်လာတယ်။ အဲဒါနဲ့ ရပ်ကွက်ထဲက သူနာပြုဆရာမကို ကလေးမလေးမှာ လိင်ဆက်ဆံခံထားရတဲ့ လက္ခဏာရှိ မရှိစစ်ဆေးတော့ ပြုကျင့်ခံထားရတဲ့ပုံစံတွေ့တာရော ကလေးမလေးကို ဆေးရုံတင်မှရမယ်လို့ ဆရာမက ပြောတာရောကြောင့် ဆေးရုံတင်ပြီး အမှုဖွင့်ကြတယ်။ ရဲစခန်းကလည်း ဒီကာလဆိုတော့ ကျွန်တော်တို့ ရပ်ကွက်ထဲကလူငယ်တွေနဲ့ ဖြစ်နိုင်သူလိုက်စုံစမ်းတော့ တရားခံလို့ ယူဆရသူက အမှတ် (၁၅) ထဲကလို့ သိရတော့ ရပ်ကွက်ထဲက လူငယ်တွေနဲ့ သွားဖမ်းတော့ တရားခံတစ်ယောက်မိတယ်။ အခုတော့ ရဲစခန်းမှာ တာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေကြတယ်” ဟု ဦးထွန်းထွန်းက ဆိုသည်။

အမျိုးသမီးငယ်အား အဓမ္မပြုကျင့်သူဟုဆိုကာ ဝိုင်းဝန်းဖမ်းဆီးထားသူမှာ အမျိုးသမီးငယ်နှင့် ရင်းနှီးမှုရှိသူ နာမည်ပြောင် ရေသန့်(၂၉ နှစ်) ဆိုသူဖြစ်ပြီး အဓမ္မပြုကျင့်သူမှာ ပခုက္ကူဇာတိမဟုတ်ဘဲ အမှတ် (၁၅) ရပ်ကွက်တွင် အိမ်ငှားနေထိုင်သူဖြစ်ကာ ပခုက္ကူမြို့ပေါ်တွင် လိုက်လံအလှူခံစားသောက်နေသူဖြစ်ကြောင်း သိရသည်။ အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်မှာ လက်ရှိအချိန်အထိ စကားပြောဆိုနိုင်ခြင်း မေးမြန်းမှုနိုင်မှုမရှိခြင်းကြောင့် အုပ်စုဖွဲ့အဓမ္မပြုကျင့်ခြင်း ဟုတ် မဟုတ်မှာ လတ် တလောတွင် သိရှိရမှုမရှိကြောင်း သိရသည်။

” ပြုကျင့်ခံရမှုကြောင့် ကလေးမလေးက လမ်းတောင်မလျှောက်နိုင်ဘူးဖြစ်နေတာ။ မအေဖြစ်သူကလည်း ကလေးမွေးထားတာရက်ပိုင်းပဲရှိသေးတယ်။ သမီးသတင်းကြားတော့ နို့လည်သွားတယ်။ စျေးရောင်းသွားတာ ပြန်မလာတာကို ပေါ့ဆတော့ ကလေးမလေးက ဘဝပျက်သွားတာပေါ့။ တည်းခိုခန်းခေါ် စော်ကားခံရတာ အုပ်စုဖွဲ့သက်ငယ်မုဒိမ်းပြုကျင့်တာလို့လည်းကြားနေရတာ” ဟု ပခုက္ကူမြို့ အမှတ် (၁) ရပ်ကွက်နေ ပြည်သူတစ်ဦးက အဆိုပါဖြစ်စဥ်အပေါ်  မြို့ပေါ်တွင် သတင်းပျံ့နှံ့နေသည့်အခြေအနေကို ဖြေကြားသည်။

အဆိုပါဖြစ်စဥ်အပေါ် ပခုက္ကူမြို့မရဲစခန်းတွင် အမှုတိုင်ကြားထားပြီး တာဝန်ရှိသူများမှ ဆက်လက်စုံစမ်းစစ်ဆေးမှုပြုနေကြောင်းလည်း သိရသည်။

”သိရသလောက်ကတော့ ဟိုတယ်ဘက်က ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားတယ်လို့လည်း သိရတယ်။ ကောင်လေး က ၂၉ နှစ်။ သူ့ပုံစံက မူးနေတာလား ဆေးသုံးထားတာလားဆိုတဲ့ပုံစံတွေ့ရတော့ ကလေးမလေးကိုလည်း ဆေးတစ်ခုခုသုံးခဲ့သလားပေါ့။ ဖြစ်စဥ်မှာ ကလေးမလေးက မေ့မြောသွားတယ်ဆိုတဲ့ အထိဆိုတော့ သူလည်း တော်တော်နစ်နာပါတယ် ” ဟု ပခုက္ကူမြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *