MT News

Written by Tha Doe

ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေသဖြင့် နိုင်ငံငယ်များမှာ နိုင်ငံကြီးများ၏ ဒေါ်လာအနိုင်ကျင့်မှုခံနေရပြီး မြန်မာနိုင်ငံအနေဖြင့် ရူဘယ်၊ ယွမ်၊ ရူပီးများကို အစားထိုးသုံးနိုင်ကြောင်း ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့တွင် ကျင်းပနေသည့် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “စားနပ်ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီး မြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးစဥ် ထည့်သွင်းပြောကြားသည်။

ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် ပြည်တွင်း၌ မထုတ်လုပ်နိုင်သည့် စားသုံးကုန်များကို နိုင်ငံတကာဈေးကွက်တွင် ဝယ်ယူတင်သွင်းမှုများ ပြုလုပ်လာကြသဖြင့် ဘဏ္ဍာရေးလုံခြုံမှု (Financial Security) သည် စားနပ်ရိက္ခာလုံခြုံရေး (Food Security) အပေါ်  လွှမ်းမိုးလာလျက်ရှိသည်ကို တွေ့ရှိရပြီး စားနပ်ရိက္ခာလုံခြုံရေး (Food Security) တွင် အဓိကကျသော စိုက်ပျိုးရေးအတွက် လိုအပ်သည့် လောင်စာဆီ၊ ဓာတ်မြေဩဇာများ အပါအဝင် အထောက်အကူပြုပစ္စည်းများ ရောင်းဝယ်ရာတွင် အချို့ နိုင်ငံများသည် ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဉ်တွဲပြီး ဖြစ်လာသည့် ဒေါ်လာကို လက်နက်သဖွယ် အသုံးချလျက်ရှိသည့်အတွက် နိုင်ငံငယ်များသည် နိုင်ငံကြီးများ၏ ဒေါ်လာအနိုင်ကျင့်မှုခံနေရပြီး နိုင်ငံရေး၊ စီးပွားရေးကိစ္စရပ်များတွင် နိုင်ငံကြီးများအား လွန်ဆန်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရသည်ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွင် ရူဘယ်၊ ယွမ်၊ ရူပီး စသည့် ငွေကြေးများအား ဒေါ်လာအစားထိုးအဖြစ် အသုံးပြုသွားနိုင်သည့်အပြင် တိုက်ရိုက် ကုန်စည်ဖလှယ်မှုစနစ် (Barter System) ကိုလည်း ဒေါ်လာ အစားထိုး ဆောင်ရွက်နိုင်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်မည်ဆိုပါက မိမိတို့နိုင်ငံငယ်များအနေဖြင့် ငွေကြေးအနိုင်ကျင့်ခံရမှုအခက်အခဲကို ကျော်လွှားနိုင်မည်ဖြစ်၍ အင်အားကြီးနိုင်ငံများက ဝိုင်းဝန်းကူညီပေးနိုင်ပါရန် မေတ္တာရပ်ခံလိုကြောင်း ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က အရှေ့ဖျားစီးပွားရေးဖိုရမ်သို့တက်ရောက်လာသည့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ခေါင်းဆောင်များကို တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံတည်ရှိသည့် အရှေ့တောင်အာရှဒေသသည် သဘာဝပထဝီဝင်အရ သမုဒ္ဒရာကြီးနှစ်ခုကို ဆက်သွယ်ပေါင်းကူးပေးရာတွင် အချက်အချာကျသည့်နေရာ၌ တည်ရှိနေသည့်အားလျော်စွာ အင်ဒို- ပစိဖိတ်ဒေသကြီးတွင် အရေးပါသော နေရာမှ ပါဝင်နေလျက်ရှိသည့်အတူ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN)၏ အဖွဲ့ဝင်နိုင်ငံများသည်လည်း ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် များစွာအရေးပါပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများစွာရှိသော နိုင်ငံများအဖြစ် ရပ်တည်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။ အာဆီယံအဖွဲ့ကြီးတွင် အဖွဲ့ဝင်နိုင်ငံ(၁၀)နိုင်ငံပါဝင်ပြီး လူဦးရေ စုစုပေါင်း ၆၆၀ သန်းကျော် မှီတင်းနေထိုင်လျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အတွင်း အဓိက စားကုန်များဖြစ်သည့် ဆန်စပါး မက်ထရစ်တန်ချိန် ၁၉၁ သန်းကျော်၊ ပြောင်း မက်ထရစ်တန်ချိန် ၄၅ သန်းကျော်၊ ကြံ မက်ထရစ် တန်ချိန် ၁၄၄ သန်းကျော်နှင့် ပီလောပီနံ မက်ထရစ်တန်ချိန် ၇၉ သန်းကျော် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အခြေခံစားသောက်ကုန်များအား ပမာဏ အမြောက်အမြား ထုတ်လုပ်နိုင်လျက်ရှိပြီး ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ကမ္ဘာ့စားနပ် ရိက္ခာလုံခြုံရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကာ ကုန်သွယ်မှုကဏ္ဍတွင်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ၂၀၂၀ ပြည့်နှစ် အတွင်း ကုန်သွယ်မှုတန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၂.၆ ထရီလီယံ နီးပါးရှိခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၅၅၀ ဘီလီ ယံ ခန့်သာရှိပြီး အာဆီယံပြင်ပနိုင်ငံများနှင့် ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂ ထရီလီယံကျော်သည့်အတွက် အာဆီယံပြင်ပကုန်သွယ်မှုသည် သိသိသာသာပိုများသည်ကို တွေ့ရကြောင်း SAC ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။

အာဆီယံဒေသကြီးတွင် အသားတင်စိုက်ပျိုးမြေ စုစုပေါင်း ဟက်တာ ၁၃၉ သန်းကျော်ရှိပြီး အဓိကဆန်စိုက်ပျိုးသည့် နိုင်ငံများဖြစ်သည့် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ ဆန်စိုက်ပျိုးနိုင်မှုသည် ဟက်တာ ၂၃ သန်းကျော်ဖြစ်ကာ မိမိတို့အနေဖြင့် ယင်းမြေအားလုံးတွင် ဆန်စပါးစိုက်ပျိုးမှု ရာသီမရွေးဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်သွားရန် လိုအပ်နေကြောင်းလည်း ပြောကြားသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် အရင်းအမြစ်ကောင်းများ ဖြစ်သည့် စိုက်ပျိုးမြေနှင့် သဘာဝသစ်တောဧရိယာများ၊ သဘာဝမြစ်ချောင်း အင်းအိုင်များ၊ ပင်လယ်ကမ်းရိုးတန်းများဖြင့် ပြည့်စုံသည့် နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံအတွင်း စိုက်ပျိုးမြေ စုစုပေါင်း ဟက်တာ ၁၃ သန်းကျော်ရှိကာ ဆန်၊ ပဲနှင့် ပြောင်းကို အဓိကတင်ပို့သည့်နိုင်ငံဖြစ်၍ ရေအရင်းအမြစ်များစွာရှိသည့် အားလျော်စွာ စပါး၊ ပဲမျိုးစုံ၊ ပြောင်းအပြင် နှမ်းနှင့် ဝါသီးနှံတို့ကို အများဆုံး စိုက်ပျိုးလျက် ရှိသည်၊၊ စားနပ်ရိက္ခာလုံခြုံမှု (Food Security) အတွက် ရိက္ခာထုတ်လုပ်ရန် မျိုးကောင်းမျိုးသန့်၊ မြေဩဇာ၊ စိုက်ပျိုးရေ၊ စိုက်နည်းစနစ်များ ပြည့်စုံ ကောင်းမွန်ရန် လိုအပ်ပြီး အဓိကမှာ အပင်များအတွက် မြေဩဇာနှင့် ထွန်ယက် စိုက်ပျိုးရန်အတွက် ဒီဇယ်ဆီလည်း လိုအပ်နေသည်၊၊

ထို့ကြောင့် မိတ်ဆွေနိုင်ငံများမှ ကူညီဖြည့်တင်းပေးနိုင်မည်ဆိုပါက စိုက်ပျိုးထုတ်လုပ်မှုအား ယခုထက် ၂ ဆခန့် တိုးမြှင့်နိုင်မည်ဖြစ်ပြီး စားနပ်ရိက္ခာလုံခြုံမှု (Food Security)အတွက် များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက်ကပင် ပြည်တွင်းစားနပ်ရိက္ခာဖူလုံသည့်အပြင် ပိုလျှံသော စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန်များအား အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် အခြေခံစားနပ်ရိက္ခာ ထုတ်လုပ်သည့် ပင်မ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည့် အစဉ်အလာကောင်းများကို ပိုင်ဆိုင်ထားသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း အခွင့်ကြုံခိုက် ပြောကြားလိုကြောင်းနှင့် ဆက်လက် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *