MT News

ရန်ကုန်စတော့အိတ်ချိန်းရှိ အစုရှယ်ယာအချို့ စျေးနှုန်းမြင့်တက်ခဲ့ပြီး ပထမပုဂ္ဂလိကဘဏ်ရှယ်ယာမှာ ကျပ် ၂၄၀၀၀ အထိဖြစ်ပေါ်၍ ရှယ်ယာတစ်စု ကျပ် ၃၀၀၀ ခုန်တက်ခဲ့သော်လည်း စတော့အိတ်ချိန်း၏ တစ်နေ့တာအရောင်းအဝယ်ဖြစ်မှုမှာ စက်တင်ဘာ ၇ ရက်တွင် ပြန်လည်ကျဆင်းခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ နေ့စဥ်ထုတ်ပြန်သည့် စျေးကွက်သတင်းများအရ သိရသည်။

စက်တင်ဘာ ၅ ရက်နေ့တွင် FMI ရှယ်ယာမှာ အမြင့်ဆုံး ကျပ် ၈၈၀၀ အထိ ဖြစ်ပေါ်ခဲ့ပြီး အစုရှယ်ယာ ၈၅၄၁ စောင် အရောင်းအဝယ်ပြုလုပ်ခဲ့ကာ ကျပ် ၇၂၆ သိန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့သည်။ စက်တင်ဘာ ၂ ရက်တွင် ကျပ် ၇၈၀၀ သာရှိသော FMI ရှယ်ယာမှာ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၀၀၀ ခုန်တက်ခဲ့သည်။ MTSH ရှယ်ယာမှာမူ ရှယ်ယာတစ်စု ကျပ် ၅၀၀ မြင့်တက်လာခဲ့ပြီး တစ်စုလျှင် ကျပ် ၃၅၀၀ အထိဖြစ်ခဲ့ကာ အစုရှယ်ယာ ၂၀၄၆၈ စု အတွက် ကျပ် ၆၇၄ သိန်းကျော်ဖိုး အရောင်းအဝယ်ပြုနိုင်ခဲ့သည်။ မြန်မာနိုင်ငံသားများဘဏ်ရှယ်ယာမှာမူ ကျပ် ၄၀၀ မြင့်တက်လာခဲ့သော်လည်း တစ်စုလျှင် ကျပ် ၇၅၀၀ နှုန်းဖြင့် ၅၆ စုသာ အရောင်းအဝယ်ဖြစ်ခဲ့သည်။

ပထမပုဂ္ဂလိကဘဏ်ရှယ်ယာမှာ ကျပ် ၁၀၀၀ မြင့်တက်လာခဲ့ပြီး ရှယ်ယာတစ်စု ကျပ် ၁၉၅၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ TMH ရှယ်ယာမှာ ကျပ် ၅၀ မြင့်တက်ခဲ့ပြီး အစုရှယ်ယာတစ်စု အမြင့်ဆုံးစျေး ကျပ် ၂၅၅၀ ဖြင့် ၁၀၄၃ စောင်အရောင်းအဝယ်ဖြစ်ခဲ့သကဲ့သို EFR (Ever Flow River Group အများပိုင်ကုမ္ပဏီ) ရှယ်ယာများမှာ တစ်စုလျှင် ကျပ် ၁၀၀ မြင့်တက်လာခဲ့ပြီး အစုရှယ်ယာ တစ်စုလျှင် ကျပ် ၂၇၀၀ ဖြင့် ၂၀၄၈ စု အရောင်းအဝယ်ပြုလုပ်နိုင်ခဲ့သော်လည်း AMATA အစုရှယ်ယာများမှာမူ စျေးနှုန်းအပြောင်းအလဲမရှိဘဲ တစ်စုကျပ် ၅၀၀၀ ဖြင့် ၁၁၄၈ စောင်သာ အရောင်းအဝယ်ဖြစ်ခဲ့သည်။

အဆိုပါ စျေးနှုန်းများမှာ စက်တင်ဘာ ၆ ရက်တွင်လည်း ထပ်မံမြင့်တက်လာခဲ့ပြီး FMI ရှယ်ယာမှာ တစ်စု ကျပ် ၉၈၀၀ အထိဖြစ်ပေါ်ကာ အစုတစ်စုလျှင် ကျပ် ၁၀၀၀ မြင့်တက်ခဲ့သည်။ သီလဝါ MTSH ရှယ်ယာမှာ ကျပ် ၃၇၀၀ ဖြင့် စက်တင်ဘာ ၅ ရက်ကထက် ကျပ် ၂၀၀ မြင့်တက်လာပြီး MCB ရှယ်ယာမှာ ကျပ် ၅၀၀ မြင့်တက်ကာ တစ်စုလျှင် ကျပ် ၈၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ FPB ရှယ်ယာမှာ ရှယ်ယာတစ်စုလျှင် ကျပ် ၂၁၀၀၀ နှုန်းအထိ ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၅ ရက်စျေးထက် ကျပ် ၁၅၀၀ မြင့်တက်ခဲ့သည်။ ထိုနည်းတူ TMH ရှယ်ယာမှာ တစ်စု ကျပ် ၁၀၀ မြင့်တက်ခဲ့ပြီး ရှယ်ယာတစ်စု ကျပ် ၂၆၀၀ ၊ EFR ရှယ်ယာမှာ ကျပ် ၁၅၀ မြင့်တက်ပြီး ရှယ်ယာတစ်စု ကျပ် ၂၈၅၀၊ AMATA ရှယ်ယာမှာ ကျပ် ၂၀၀ မြင့်တက်ပြီး ရှယ်ယာတစ်စု ကျပ် ၅၂၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည်။

စက်တင်ဘာ ၆ ရက်တွင် MTSH မှာ ကျပ် ၃၇၀၀၊ MCB မှာ ကျပ် ၈၀၀၀ ဖြင့် စျေးနှုန်းမြင့်တက်မှု မရှိသော်လည်း ကျန်ရှယ်ယာများအားလုံး စျေးနှုန်းမြင့်တက်ခဲ့ပြီး FMI မှာ ရှယ်ယာတစ်စုကျပ် ၇၀၀၊ FPB မှာ ကျပ် ၃၀၀၀၊ TMH နှင့် EFR တို့မှာ ကျပ် ၅၀ စီနှင့် AMATA ရှယ်ယာမှာ ကျပ် ၁၀၀ သို့ အသီးသီးမြင့်တက်ခဲ့သည်။

”FPB ဆို ဩဂုတ် ၃၁ ရက်တုန်းက ၁၈၀၀၀။ ဒီနေ့ကျတော့ ၂၄၀၀၀။ တစ်ပတ်အတွင်းကို ကျပ် ၆၀၀၀ ခုန်တက်သွားတယ်။ FPB တစ်စု ၂၄၀၀၀ ဟာ ၂၀၂၀ လောက်က ဖြစ်ခဲ့တာ။ နှစ်နှစ်ကျော် စျေးကျနေတာကနေ ရက်ပိုင်းအတွင်း ၆၀၀၀ ဆွဲတင်သွားတော့ စဖွင့်စစျေး ၃၄၀၀၀ အထိရောက်အောင် ဆွဲတင်မလားဘဲ။ တခြားရှယ်ယာတွေလည်း ဒီရက်ပိုင်းမှ တစ်စုကို ထောင်ချီပြီး စျေးဆွဲတင်နေတာ တွေ့ရတယ်” ဟု ရန်ကုန်စတော့အိတ်ချိန်းကို နေ့စဥ်စောင့်ကြည့်သူတစ်ဦးက MT News သို့ ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာများမှာ ယခင်က တစ်နေ့တာအရောင်းအဝယ်ဖြစ်မှုမှာ ရာဂဏန်းသာဖြစ်ပြီး ရှယ်ယာအရောင်းအဝယ်ကျဆင်းနေရာမှ ယခုလမှစတင်ကာ ရှယ်ယာများ အစုပေါင်းသောင်းချီ အရောင်းအဝယ်ပြုလုပ်လာသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဩဂုတ်လအတွင်း အစုရှယ်ယာ ၁၀၀၀၀ အထက် အရောင်းအဝယ်ပြုလုပ်နိုင်သည့်ရက်မှာ ဇန်နဝါရီ ၃၁ ရက်တွင် ၁၀၅၀၅ စု၊ ဖေဖော်ဝါရီ ၉ ရက်တွင် အစုရှယ်ယာ ၁၀၆၇၂ စု၊ ဧပြီ ၂၅ ရက်တွင် ၁၀၂၅၉ စု၊ ဩဂုတ် ၃၀ တွင် ၂၀၃၉၆ စု အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကျန်ရက်များမှာ အစုရှယ်ယာ ရာဂဏန်းနှင့် ထောင်ဂဏန်းသာ အရောင်းအဝယ်ဖြစ်ခဲ့သည်။

အဆိုးဆုံးအဖြစ် ၂၀၂၂ ခုနှစ် ဇွန် ၃၀ တွင် စာရင်းဝင်ကုမ္ပဏီခုနစ်ခုမှ အစုရှယ်ယာ ၂၅၃ စုသာ အရောင်းအဝယ်ဖြစ်ခဲ့ခြင်းနှင့် မေ ၂၅ ရက်တွင် ၃၆၉ စု၊ မတ် ၂၃ ရက်တွင် ၄၁၁ စု၊ ဇန်နဝါရီ ၁၄ ရက်တွင် ၄၇၅ စုအထိ ကျဆင်းခဲ့သည်။ ထိုသို့ အရောင်းအဝယ်ဖြစ်မှု ကျဆင်းနေရာမှ စက်တင်ဘာ ၁ ရက်တွင် အစုရှယ်ယာ ၂၅၈၅၂ စုမှ ကျပ် သိန်း ၈၄၀ ကျော်၊ စက်တင်ဘာ ၂ ရက်တွင် အစုရှယ်ယာ ၂၃၉၂၃ စုမှ ကျပ် ၉၉၈ သိန်းကျော်၊ စက်တင်ဘာ ၅ ရက်တွင် အစုရှယ်ယာ ၃၄၅၃၀ စုမှ ကျပ် ၁၇၆၉ သိန်းကျော်နှင့် စက်တင်ဘာ ၆ ရက်တွင် အစုရှယ်ယာ ၄၈၂၈၃ စုမှ ကျပ် ၂၆၂၉ သိန်းကျော်ဖိုးအထိ ပြန်လည်မြင့်တက်လာခဲ့ပြီးနောက် စက်တင်ဘာ ၇ ရက်တွင် အစုရှယ်ယာ ၂၄၃၆၁ စုမှ ကျပ် ၁၃၁၆ သိန်းကျော်သို့  ပြန်လည်ကျဆင်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *