MT News

Written by Nay Moe

ခုခံတော်လှန်စစ်အောင်မြင်ပြီးပါက ကြားကာလအစိုးရဖွဲ့ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းရေးဆွဲ၍ လူထုဆန္ဒခံယူပွဲပြီးမှ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်းနှင့် အောင်ပွဲရရှိရေး ပြည်သူများကငွေလှူပေးရန်နှင့် နိုင်ငံတကာက ကူညီပေးရန် NUG ၏ ယာယီသမ္မတဒူဝါလရှီးလက စက်တင်ဘာ ၇ ရက်တွင် ကျရောက်သည့် ပြည်သူ့ခုခံတော်လှန်စစ်တစ်နှစ်ပြည့်စကားအဖြစ် ထည့်သွင်းပြောကြားသည်။

လက်ရှိတွင် NUG အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်နိုင်ရန် NUCC က ချမှတ်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီလမ်းပြမြေပုံအတိုင်း အစဥ်တစိုက်လျှောက်လှမ်းနေသည်ဟု ယင်းကဆိုသည်။

”လက်ရှိတော်လှန်ရေးကာလ တစ်နည်းပြောရရင် လက်ရှိကြားကာလမှာပဲ ရှေ့လာမဲ့ကာလအတွက် အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေကို NUCC ရဲ့ ဦးဆောင်မှုနဲ့ စတင်နေပါတယ်။ တော်လှန်ရေးအောင်မြင်ပြီးချိန်မှာ အသွင်ကူးပြောင်းရေးကာလအစိုးရကို အဲဒီအသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းပါ့မယ်။ အသွင်ကူးပြောင်းရေးကာလမှာ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ရေးဆွဲပြီး ပြည်သူ့ဆန္ဒခံယူပွဲနဲ့ အတည်ပြုသွားမှာဖြစ်ပါတယ်။ အဲဒီနောက် အထွေထွေရွေးကောက်ပွဲကြီးကို လွတ်လပ်မျှတစွာ ကျင်းပပြုလုပ်ပါ့မယ်။ ဒီကနေတစ်ဆင့် ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ အခု ကျွန်တော်အကြမ်းဖျင်းတင်ပြခဲ့တာ ကျွန်တော်တို့ရဲ့ နိုင်ငံရေးလမ်းပြမြေပုံပဲဖြစ်ပါတယ်။ NUG ဟာ တိကျတဲ့နိုင်ငံရေးလမ်းပြမြေပုံချမှတ်ပြီး အကောင်အထည်ဖော်နေပါတယ်” ဟု ဒူဝါလရှီးလက ဆိုသည်။

ထို့ပြင် လာမည့်တစ်နှစ်အတွင်း ယခုထက်ပိုမိုကျယ်ပြန့်သည့် နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာရေးရလဒ်တွေ ထွက်ရှိစေရန် အရှိန်အဟုန်မြှင့် အားသွန်ကြိုးပမ်းနေသည်ဟု လရှီးလက ဆိုသည်။ ထို့အတွက် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် NUG နှင့် မဟာမိတ်တပ်များ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့ ပညာရေး၊ ကျန်းမာရေးစနစ်ဝန်ဆောင်မှုပေးနိုင်ဖို့၊ လူသားချင်းစာနာမှုအကူအညီများ လုံလုံလောက်လောက်ပေးနိုင်ဖို့ ငွေကြေးနှင့် နည်းပညာအထောက်အကူများ ပံ့ပိုးပေးကြရန်နှင့် လာမည့်နှစ်အား သမိုင်းတွင် သမိုင်းဝင်နှစ်ဖြစ်စေရန်အစွမ်းကုန် ကြိုးစားကြပါဟုလည်း ဒူဝါလရှီးလက တိုက်တွန်းသည်။

”ပြည်သူလူထုကိုလည်း မလျော့သောဇွဲနဲ့ ထောက်ခံအားပေး ပံ့ပိုးပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ ခုခံတွန်းလှန်စစ် အဆင့်တစ်ဆင့် တက်လှမ်းနိုင်ဖို့အတွက် အဓိကအားနည်းလိုအပ်ချက်ဖြစ်တဲ့ ဘဏ္ဍာရန်ပုံငွေကိုလည်း တတ်စွမ်းသမျှ ဆက်လက်ကူညီကြဖို့ အလေးအနက်မေတ္တာရပ်ခံလိုပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းများကလည်း ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တန်းတူရေး၊ လွတ်လပ်ခွင့်တို့အတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူလူထုကို လုံလောက်တဲ့ နည်းပညာ၊ လက်နက်ခဲယမ်းနဲ့ ငွေကြေးအထောက်အပံ့တွေ လူသားချင်းစာနာမှုအကူအညီတွေ ပေးကြဖို့ အလေးအနက်ပြောချင်ပါတယ်”ဟု ဒူဝါလရှီးလက ဆက်လက်ပြောသည်။

ထို့ပြင် ဘင်္ဂါလီများကိုလည်း အေးအေးချမ်းချမ်းနေရပ်ပြန်နိုင်ရန် စီမံပေးမည်ဖြစ်ကြောင်း ဒူဝါလရှီးလက ပြောဆိုသည်။ ထို့အတွက် နိုင်ငံတကာအသိအမှတ်ပြုမှုရယူပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဒူဝါလရှီးလက ပြောသည်။

”စိန်ခေါ်ချက်တွေများစွာကြားက လုပ်ဆောင်နေခဲ့ရပါတယ်။ ခုခံတော်လှန်စစ် တရားဝင်စတင်ဖို့စုစည်းဆောင်ရွက်တဲ့နေရာမှာ စိန်ခေါ်မှုတချို့၊ အားနည်းလိုအပ်တချို့ ရှိနေခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာ ပြန့်ကျဲနေတဲ့ တော်လှန်ရေးအင်အားစုအားလုံးကို လွှမ်းခြုံနိုင်တဲ့ စနစ်ကျတဲ့ အမိန့်ပေးကွပ်ကဲနိုင်တဲ့ စနစ်အားကောင်းဖို့ လိုအပ်နေသေးတာရယ်၊ စစ်သည်တော်များရဲ့ စစ်ရေးလေ့ကျင့်သင်ကြားမှုများ စဥ်ဆက်မပြတ်ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်နေသေးတာ၊ လက်နက်ခဲယမ်းမီးခြောက် အလုံအလောက် မတပ်ဆင်နိုင်သေးတာစတဲ့ အားနည်းချက်များ ရှိနေပါသေးတယ်” ဟု လရှီးလက ဆိုသည်။

အဆိုပါ အားနည်းချက်များကို ကြည့်မည်ဆိုပါက အချိန်တိုအတွင်း ပြည်သူ့ခုခံတော်လှန်စစ်ကိုစတင်ရခြင်းနှင့် ဘဏ္ဍာငွေအားနည်းလိုအပ်ချက်များ ဘဏ္ဍာငွေအကန့်အသတ်များကြောင့် လက်ရှိအချိန်အထိ လက်နက်ခဲယမ်းမလောက်မငှ ဖြစ်နေတာကို ပြည်သူများလည်း သိရှိကြောင်း ဒူဝါလရှီးလက ပြောသည်။

တော်လှန်ရေးစတင်ပြီဖြစ်ကြောင်း ကြေညာသည့် တစ်နှစ်အတွင်း PDF အဖွဲ့ဝင် ၁၅၀၀ ကျော် ကျခဲ့သော်လည်း လက်ရှိတွင် မြို့နယ် ၂၄ မြို့နယ်၌ NUG က နယ်မြေစိုးမိုးထားပြီဖြစ်ကာ စစ်တပ်(တပ်မတော်)၏ နယ်မြေစိုးမိုးမှုမှာ နိုင်ငံ့နယ်မြေထက်ဝက်ပင်မကျန်တော့ကြောင်း တပ်မတော်သား ၂၀၁၅၀ ကျော် သုတ်သင်နိုင်ခဲ့ပြီး ၇၀၀၀ ခန့် ဒဏ်ရာရအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း ဒူဝါလရှီးလက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *