MT News

Written by Nay moe

နောင်ပတ်ဆရာတော်ဦးဂန္ဓမာအား KIA နှင့် PDF အဖွဲ့ဝင်များက အဓမ္မဖမ်းဆီး၍ ရက်စက်စွာသတ်ဖြတ်ခြင်းကို  ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်းနှင့် လက်တုံ့ပြန်မည်ဖြစ်ကြောင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က စက်တင်ဘာ ၆ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ကြေညာလိုက်သည်။

နောင်ပတ်ဆရာတော်ဦးဂန္ဓမာအား စက်တင်ဘာ ၄ ရက်က KIA နှင့် PDF အဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စက်တင်ဘာ ၆ ရက်တွင် ဆရာတော်အား လူဝတ်လဲကာ နောက်ပြန်ကြိုးတုပ်၍ ဒူးထောက်ထိုင်ခိုင်းပြီး လည်ပင်းအား လှီးဖြတ်သတ်ဖြတ်သည့်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီးနောက် SNA က အဆိုပါ သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါထုတ်ပြန်ချက်တွင် ဗုဒ္ဓဘာသာစည်ပင်တိုးတက်ရေးနှင့် ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရှမ်းနီစာပေထွန်းကား ပြန့်ပွားရေးတို့အား စွမ်းစွမ်းတမံ အားထုတ်ကြိုးပမ်းလျက်ရှိသော မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီသံဃာတော်များသမဂ္ဂ (ဗဟို) အလုပ်အမှုဆောင်၊ (ဘဏ္ဍာတော်ထိန်း) နောင်ပတ်ဆရာတော် ဦးဂန္ဓမာ (ရှမ်းနီဦးပဇ္ဇင်း)အား စစ်ကိုင်း တိုင်း၊ ဗန်းမောက်မြို့နယ်၊ နောင်ပတ်ရွာ၌ (၄.၉.၂၀၂၂)ရက်နေ့တွင် KIA လက်နက်ကိုင်နှင့် PDF တို့က လက်နက်ဖြင့် ခြိမ်းခြောက်ဖမ်းဆီး ခေါ်ဆောင်သွားပြီး ထိုနေ့တွင်ပင် ရက်စက်စွာသတ်ဖြတ်လိုက်သည်။ အဆိုပါ ဗုဒ္ဓဘာသာရဟန်းတော်အား ရက်စက်စွာသတ်ဖြတ်သော လုပ်ရပ်သည် လူမဆန်သော လုံးဝအကြမ်းဖက်လုပ်ရပ် ဖြစ်သည့်အပြင် ရှမ်းနီတစ်မျိုးသားလုံးနှင့် ဗုဒ္ဓဘာသာကြီးတစ်ခုလုံးအား ခြိမ်းခြောက်ရန်ပြုသည့် အန္တရာယ်ဆိုးကြီး တစ်ရပ်ဖြစ်ကြောင်းနှင့် ရှမ်းနီဒေသအတွင်း ဖယ်ဒရယ်ဒီမိုကရေစီနှင့် တော်လှန်ရေးအား ဟန်ဆောင်အကြောင်းပြကာ လူ့အခွင့်အရေးများအား ပြောင်ပြောင် တင်းတင်း ကျူးလွန်ချိုးဖောက်နေကြသော အဖွဲ့အစည်းများဖြစ်သည်ဟု ဖော်ပြထားသည်။

လက်ရှိ နိုင်ငံတော်အတွင်း မငြိမ်မသက်ဖြစ်နေသော အခြေအနေများကို KIA လက်နက်ကိုင်နှင့် PDF တို့ အခွင့်ကောင်းယူကာ ရှမ်းနီအမျိုးသားရေး တက်ကြွစွာဆောင်ရွက်ကြသူများအား အကြောက်တရားဖြင့် လက်နက်ပြ ဦးချိုးနှိမ်နင်းဖမ်းဆီးနှိပ်စက်ခြင်း၊ မတရားရက်စက်စွာသတ်ဖြတ်ခြင်း၊ ရှမ်းနီဒေသတွင်းပြည်သူများအပေါ် လူ့အခွင်အရေးများ ချိုးဖောက်ခြင်း၊ ပြည်သူလူထုကြားတွင် ထင်ယောင်ထင်မှားဖြစ်စေရန် မီဒီယာအားဖြင့် မသမာသောအကြံအစည်များ လုပ်ကြံဖန်တီး သတင်းလွှင့်ခြင်းအား တစ်နေ့ထက်တစ်နေ့ ပိုမိုလုပ်ကိုင်လာကြသည်။ KIAလက်နက်ကိုင်အဖွဲ့သည် ယခင်နှစ်ပေါင်းများစွာနှင့် ခေတ်အဆက်ဆက်တွင်လည်းကောင်း၊ ယခုနှစ်များတွင် PDF များနှင့်ပူးပေါင်း၍လည်းကောင်း ၊ ရှမ်းနီစာပေ ယဉ်ကျေး မှုနှင့် အမျိုးသားရေးတက်ကြွစွာ ကြိုးစားကြသူများအား မတရားဖမ်းဆီးခြင်း၊ လူမဆန်စွာ နှိပ်စက်သတ်ဖြတ်ခဲ့ခြင်းများကို ကျူးလွန်ခဲ့ကြသည်။ ယခင်လပိုင်းအတွင်း ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု နာယကဦးစိုင်းသန်းဖေ၊ ရှမ်းနီစာပေဆရာ စိုင်းရေကျော်တို့အား မတရားဖမ်းဆီး သတ်ဖြတ်မှုတို့အပြင် ယခု ရှမ်းနီအမျိုးသားရေးကို တက်ကြွစွာ ဦးဆောင်သူ ဗုဒ္ဓဘာသာ ရဟန်းတော် ဦးဂန္ဓမာအား အဓမ္မဖမ်းဆီး၍ ရက်စက်စွာသတ်ဖြတ်မှုတို့အား လုံးဝ(လုံးဝ)ပြင်းထန်စွာ ပြစ်တင်ချသည်ဟု ဆိုသည်။

အဆိုပါ အဓမ္မဖမ်းဆီးသတ်ဖြတ်မှုများ၏ အကျိုးဆက်များအား ပြုလုပ်ဖန်တီးကြသူ KIA အဖွဲ့နှင့် PDF တို့တွင် လုံးဝတာဝန်ရှိပြီး ရှမ်းနီလူမျိုးများ၏ နှလုံးသည်းပွတ်သမိုင်းတွင် ခြေဖျက်မရသော သမိုင်းကြွေးများအဖြစ် မှတ်ယူထားကြောင်းနှင့် မည်သည့်နည်းဖြင့် မဆို ပြန်လည်လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း သိစေအပ်သည်ဟု ရှမ်းနီအမျိုးသားများတပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *