MT News

Written by Tha Doe

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) ၌ စက်တင်ဘာ ၅ ရက်မှ စတင်ကျင်းပနေသည့် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) သို့ တက်ရောက်ရန် ဖိတ်ကြားခံရသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ စက်တင်ဘာ ၇ ရက်တွင် တွေ့ဆုံဆွေးနွေးနေကြောင်း ကနဦးသတင်းများအရ သိရသည်။

အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ဖိတ်ကြားခံရသည့် နိုင်ငံတကာခေါင်းဆောင်များနှင့် ရုရှားသမ္မတတို့ သီးခြားစီတွေ့ဆုံဆွေးနွေးမှုမှာ စက်တင်ဘာ ၇ ရက်တစ်နေ့တာလုံးဖြစ်ပြီး လက်ရှိတွင် SAC ဥက္ကဌနှင့် ရုရှားသမ္မတတို့အနေဖြင့် နှစ်နိုင်ငံအရေးနှင့် ဒေသတွင်းအခြေအနေများအကြောင်း ဆွေးနွေးနေသည်။

SAC ဥက္ကဌ၏ အဆိုပါခရီးစဥ်အတွင်း နျူးကလီးယားစွမ်းအင်ကို လျှပ်စစ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် အကျိုးရှိစွာ အသုံးပြုနိုင်ရေးဆွေးနွေးပြီးနောက် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်းအကြား ဆက်လက်လုပ်ဆောင်သွားမည့်လုပ်ငန်းစဥ်များအား နားလည်မှုစာချွန်လွှာကို စက်တင်ဘာ ၆ ရက်တွင် ရေးထိုးနိုင်ခဲ့သည်။

အဆိုပါ နားလည်မှုစာချွန်လွှာအပြင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းသည်လည်း ရုရှား ဖက်ဒရေးရှင်းနိုင်ငံပိုင် Sputnik news agency နှင့် မြဝတီ ရုပ်မြင်သံကြားတို့အကြား နှစ်ဖက်သဘောတူညီမှုဆိုင်ရာ စာချွန်လွှာတစ်ရပ်ကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *