MT News

Written by Tha Doe

နျူးကလီးယားစွမ်းအင်ကို လျှပ်စစ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် အကျိုးရှိစွာအသုံးပြုနိုင်ရေး ဆွေးနွေးပြီးနောက် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံပိုင်အဏုမြူကော်ပိုရေးရှင်းအကြား ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဥ်များအား နားလည်မှု စာချွန်လွှာကို စက်တင်ဘာ ၆ ရက်တွင် ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ နားလည်မှုစာချွန်လွှာရေးထိုးမှုကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University(FEFU)၌ စက်တင်ဘာ ၅ ရက်မှ စတင်ကျင်းပနေသည့် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) သို့ တက်ရောက်ရန် ဖိတ်ကြားခံရသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခရီးစဥ်အတွင်း လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom State Corporations ၏ အမှုဆောင်အရာရှိချုပ် Mr. Alexey Evgenievich Likhachev ဦးဆောင်သည့် အဖွဲ့ဝင်များအား FEFU Campus အတွင်း တွေ့ဆုံ၍ နျူကလီးယားစွမ်းအင်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များတွင် အတွေ့အကြုံနှင့် နည်းပညာများကို လေ့လာခွင့်ရရှိနိုင်မည့် အခြေအနေများနှင့် နှစ်နိုင်ငံပြည်သူလူထု အကျိုးရှိစေနိုင်မည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နျူကလီးယား စွမ်းအင်ကို နိုင်ငံသူ၊ နိုင်ငံသားများ၏ လူမှုဘဝ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းစွာအသုံးပြုနိုင်ရန် ပူးပေါင်းဆောင်ရွက်မှုအတွက် လုပ်ငန်းစဉ်များ (Road Map) ချမှတ်ဆောင်ရွက်မည့် အစီအစဉ်များ၊ နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဲ့သို့သော လုပ်ငန်းအပါအဝင် သိပ္ပံနှင့် သုတေသနစမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ စက်မှုကဏ္ဍနှင့် ကဏ္ဍပေါင်းစုံတွင် အကျိုးရှိစွာ အသုံးပြုဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့နှင့် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom State Corporations တို့အကြား ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီမှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်းကို ဆက်လက်ဆောင်ရွက်ကြရာ Rosatom State Corporations ၏ အမှုဆောင်အရာရှိချုပ် Mr. Alexey Evgenievich Likhachev၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၃ ဦးသောင်းဟန်တို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှေ့မှောက်တွင် နားလည်မှု စာချွန်လွှာများကို အသီးသီးလက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ နားလည်မှုစာချွန်လွှာအပြင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းသည်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် Sputnik news agency နှင့် မြဝတီရုပ်မြင်သံကြားတို့အကြား နှစ်ဖက်သဘောတူညီမှုဆိုင်ရာ စာချွန်လွှာတစ်ရပ်ကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မီဒီယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *