တုနှိုင်းမဲ့မေတ္တာခွေးဂေဟာအား တွေ့ရစဥ် (ဓာတ်ပုံ-တုနှိုင်းမဲ့မေတ္တာ)

MT News

Written by Thettant

သိပ္ပါလယဆရာတော်ဦးဆောင်သော မှော်ဘီမြို့နယ်ရှိ တုနှိုင်းမဲ့မေတ္တာခွေးဂေဟာအတွက် ခွေးစာဖိုးငွေများနှင့် မိဘကန်​တော့မည့်ငွေများအား လူသုံးဦးက နေ့ခင်းကြောင်တောင် ဓားထောက်လုယက်မှု အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာ ၂၀ ရက် နေ့လည် ၃ နာရီခန့်က မှော်ဘီမြို့နယ် တုနှိုင်းမဲ့မေတ္တာ ခွေးလေးများ စောင့်ရှောက်ရေးပရဟိတဂေဟာမှ တာဝန်ရှိသူတစ်ဦးငွေသွားထုတ်စဉ် မှော်ဘီ ဝါးနက်ချောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“လူတော့ဘာမှမဖြစ်သွားဘူး။ ကြက်သားဖိုး ငါးခေါက်စာပေးမယ့်ပိုက်ဆံနဲ့ သူ့အမေအတွက်ပေးဖို့ ပိုက်ဆံ တစ်သိန်းခွဲ၊ သူ့ဟန်းဖုန်း၊ သူ့မှာရှိတဲ့ပိုက်ဆံတွေပါသွားပါတယ်။ ၃ ယောက် ၁ ယောက်အားမမျှဘူး။ ဝိုင်းလုတာဆိုတော့။ ဓားနဲ့ထိုးတာလူမထိလို့၊ လူဘာမှမဖြစ်လို့ တော်သေးတယ်”ဟု တုနှိုင်းမဲ့မေတ္တာ ဂေဟာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တုနှိုင်းမဲ့မေတ္တာ ခွေးလေးများ စောင့်ရှောက်ရေးပရဟိဂေဟာအနေဖြင့် ခွေးစာဖိုးကြက်သားများအား တစ်ခေါက်လျှင် ဆယ်ပိဿာနှုန်းဖြင့် ငါးခေါက်စာ ကျပ် ၂၇၅၀၀၀ တစ်ဖြတ်ပေးချေခြင်း ဖြစ်သည်ဟုလည်း သိရသည်။ ကြက်သားဖိုးငါးခေါက်စာအပြင် လုယက်ခံရသူ၏ မိခင်အတွက်ပေးအပ်မည့် ကျပ် ၁၅၀၀၀၀၊ ဝန်ထမ်းတစ်ဦးအတွက် ပေးအပ်မည့်ငွေ ကျပ် ၅၀၀၀၀ နှင့် ဖုန်းများကိုပါ လုယက်သွားခဲ့သည်ဟု သိရသည်။ ထို့ကြောင့် ကျပ် ၄၇၅၀၀၀ နှင့် ဖုန်းတစ်လုံး လုယက်ခံခဲ့ရသည်ဟုလည်း သိရသည်။

”ကြက်သားက တစ်ခါယူ အချိန် ၁၀ ပိဿာ။ တစ်ပိဿာ ၅၅၀၀ ကျပ်နဲ့ ၅ ခေါက်နေမှ ပေါင်းရှင်းတာ။ မောင်လေးရဲ့အမေဆီလွဲဖို့ မနေ့ညကပဲ ၁ သိန်းခွဲလွဲပေးထားတာ။ ​ငွေသွားထုတ်ရင်းအပြန် ဆိုင်ကယ်ပျက်နေတုန်း အလုခံရတာ။ ဝန်ထမ်းကောင်လေးပေးဖို့ ပိုက်ဆံ ၅၀၀၀၀ လည်း ပါသွားတာ။ ဆိုင်ကယ်ပျက်နေတုန်းဆိုတော့ သူတို့နောက်လည်းလိုက်လို့မရ။ သုံးယောက်တစ်ယောက်ဆိုတော့။ ပါသွားတာက ဖုန်းရယ်၊ အမေ့ကို ၁၅၀၀၀၀ လွှဲပေးဖို့ရယ်၊ ကြက်သားဖိုး ၅ ခေါက်စာငွေ ၂၇၅၀၀၀ ရယ်၊ ဝန်ထမ်းကောင်လေးပေးဖို့ရယ် စုစုပေါင်းငွေ ၄၇၅၀၀၀ကျပ်နဲ့ ဖုန်းပါ ပါသွားတာပါ” ဟု အဆိုပါ ဂေဟာတာဝန်ရှိသူတစ်ဦးက ထပ်မံရှင်းပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News