၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်က ဖိလစ်ပိုင်နိုင်ငံ ဆူးဘစ်ပင်လယ်အော်တွင် အာဆီယံရေတပ်များ၏ သင်္ဘောအုပ်စုတစ်ခုချီတက်နေစဉ်။

၁၀. ၆. ၂၀၂၃
Translated by Htwe Ko Tun

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အသင်းကြီး၏ အဖွဲ့ဝင်နိုင်ငံများက ၎င်းတို့၏ ပထမဆုံးသော ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို တောင်တရုတ်ပင်လယ်အတွင်း လာမည့် စက်တင်ဘာလတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ဇွန်လ ၉ ရက်တွင် ပြောကြားခဲ့သည်။

၎င်းက တောင်တရုတ်ပင်လယ်တင်းမာမှုများ၊ ဒေသတွင်းတင်းမာမှုများနှင့် မရေမရာအခြေအနေများ ဖြစ်ပေါ်နေချိန်တွင် လုံခြုံရေးအတွက် အရှေ့တောင်ဒေသနိုင်ငံများက နောက်ဆုံးပြုလုပ်သော စစ်ရေးလေ့ကျင့်မှုလည်းဖြစ်သည်။

ထို ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် အဖွဲ့ဝင် ၁၀ နိုင်ငံမှ စစ်ဘက်တပ်မှူးများ အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုလေ့ကျင့်မှုအား တောင်တရုတ်ပင်လယ်၏ တောင်ဘက်အစွန်ဆုံး မြောက်နာတူနာပင်လယ်အတွင်း ပြုလုပ်သွားမည်ဟုသိရသည်။

ထိုလေ့ကျင့်မှုသည် တရုတ်နှင့် အမေရိကန် အင်အားကြီးနိုင်ငံနှစ်ခုတို့၏ တောင်တရုတ်ပင်လယ်အတွင်း နှစ်ပေါင်းများစွာ အင်အားပြိုင်ဆိုင်မှုအကြားတွင် အာဆီယံအဖွဲ့၏ ညီညွတ်မှုကို စမ်းသပ်မှုပြုခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ အာဆီယံနိုင်ငံများအနက် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနှင့် မလေးရှားတို့က တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တောင်တရုတ်ပင်လယ်အတွင်း အချုပ်အခြာအာဏာပိုင်ဆိုင်မှု အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိသည်။

နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ထရီလျံတန်ဖိုးရှိ နိုင်ငံတကာ ကုန်သွယ်ရေးပစ္စည်းများကို သယ်ဆောင်နေသည့် သင်္ဘောများဖြတ်သန်းရာ တောင်တရုတ်ပင်လယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၎င်း၏ကမ်းရိုးတန်းမှ ကီလိုမီတာ ၁၅၀၀(၉၃၂ မိုင်)အကွာအထိ ၎င်းပိုင်နက်နယ်မြေအဖြစ် တောင်းဆိုကာ ၎င်း၏ရေတပ်နှင့် ငါးဖမ်းသင်္ဘောများအား ဖြန့်ချထားမှုကြောင့် တင်းမာမှုများဖြစ်နေရသည်။

အင်ဒိုနီးရှားစစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ယူဒို မာဂိုနိုက အရှေ့တောင်အာရှနိုင်ငံများအသင်းအဖွဲ့ဝင်နိုင်ငံများ၏ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာလအတွင်း ပြုလုပ်သွားဖွယ်ရှိပြီး တိုက်ခိုက်စစ်ဆင်ရေးလေ့ကျင့်မှုများ ပါဝင်မည်မဟုတ်ကြောင်း ပြောခဲ့သည်။ ထို့ပြင် ၎င်းက ထိုလေ့ကျင့်မှုက အာဆီယံ၏ အချက်အခြာကျစွာတည်ရှိမှုကို ပိုမိုခိုင်မာစေမည်ဟုလည်း ပြောခဲ့သည်။

Ref——CNN

Leave a Reply

Your email address will not be published. Required fields are marked *