၁၀. ၆. ၂၀၂၃
Written by Nyein Kyaw

ပြည်တွင်းရွှေဈေး ကျပ် ၃၁ သိန်းနီးပါးအထိ မြင့်တက်နေချိန် မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ပြည်ပနှင့် တရားမဝင် ရွှေတင်သွင်း/ တင်ပို့ခြင်း ဆောင်ရွက်ခဲ့သည့် ရွှေဆိုင်များနှင့် ရွှေသန့်စင်လုပ်ငန်းများကို ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်းလုပ်ငန်းများနှင့် ဆက်စပ်နေခြင်း ရှိ/မရှိ စိစစ်လျက်ရှိကြောင်း ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့် ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ ထုတ်ပြန်ထားကြောင်း လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်လျက်ရှိသည်။

ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့် ထိန်းသိမ်း ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သောအဖွဲ့သည် ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်မှ ဇွန် ၂ ရက်အထိ မန္တလေးမြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ရွှေဆိုင်များနှင့် ရွှေသန့်စင်လုပ်ငန်းများကို သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ စစ်ဆေးခဲ့ရာတွင် အချို့သော ရွှေဆိုင်များနှင့် ရွှေသန့်စင်လုပ်ငန်းများသည် ပြည်ပနှင့်တရားမဝင် ရွှေတင်သွင်း/တင်ပို့ခြင်းလုပ်ငန်း ဆောင်ရွက်ကြောင်း အထောက်အထားများ၊ တရားမဝင်ငွေလွှဲလုပ်ငန်း ဆောင်ရွက်ကြောင်း အထောက်အထားများကို စစ်ဆေးတွေ့ရှိရကြောင်း ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ အဆိုပါရွှေဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းများကို ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်းလုပ်ငန်းများနှင့် ဆက်စပ်နေခြင်း ရှိ/မရှိ စိစစ်လျက်ရှိပြီး၊ တရားမဝင် ရွှေဈေးကစားပြီး မဟုတ်မမှန်သောနည်းလမ်းဖြင့် အကျိုးအမြတ်ရယူရန် ဆောင်ရွက်ခြင်းများ၊ တရားမဝင် နိုင်ငံခြားငွေ လဲလှယ်ခြင်း၊ တရားမဝင်ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်းတို့အတွက် ဆက်လက်ရှာဖွေဖော်ထုတ်လျက်ရှိကြောင်း ဖော်ပြထားသည်။

အထက်ပါပြစ်မှုများကို ကျူးလွန်ထားပါက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ဆက်စပ်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများမှ သတင်းရရှိသည်။

ပြီးခဲ့သည့်မေလ တတိယအပတ်အတွင်းမှာလည်း အကယ်ဒမီတံဆိပ် အခေါက်ရွှေ (၂)ပိုင်း (၂၀) ကျပ်သားနှင် ထိုင်းနိုင်ငံသုံးဘတ်ငွေ ၁၃၅,၀၀၀ ဝယ်ယူထားခဲ့သည့် ဗိုလ်တထောင်မြို့နယ်မှ အမျိုးသားတစ်ဦးအား အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၌ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ခံဝန်ထိုးစေခဲ့သည့်စာ လူမှုကွန်ရက်တွင် ပျံ့နှံ့မှု ဖြစ်ပွားခဲ့သေးသည်။

ပြည်တွင်း၌ ရွှေဈေးနှုန်းနှင့် ငွေလဲလှယ်နှုန်းများသည့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြင့်တက်မှုများ ရှိခဲ့ပြီး ဇွန်လ ၁၀ ရက် (ယနေ့တွင်) ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်း ကျပ် ၃,၀၉၅,၀၀၀ (ကျပ် ၃၁ သိန်းနီးပါး) ရှိပြီး ငွေလဲလှယ်နှုန်း တစ်ဒေါ်လာကို ကျပ် ၂၉၆၀ အထိ မြင့်တက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *