၆. ၆. ၂၀၂၃

Written By Thandar

အချစ်သီချင်းအေးအေးလေးတွေနဲ့ Romance ရဲ့ အရသာကို ထိထိမိမိ ခံစားရမယ့် “အဓိပ္ပါယ်ရှိသောကြယ်” ရုပ်ရှင်ဇာတ်ကား Red Carpet Show ကို ဇွန်လ ၆ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို ဇွန်လ ၉ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးတွေမှာ စတင်ပြသသွားမှာဖြစ်ပါတယ်။

“ဒီကားလေးကတော့ ချစ်စရာ Romance ကားလေးပါ။ ပွင့် ရိုက်ကူးရိုက်ကွက်လေးမှာ ကြည်ကြည်နူးနူးနဲ့ လှလှပပလေး ရိုက်ထားတယ်။ ပထမ စပြီး Title ပေးမယ့်နာမည်က ဒီနာမည်မဟုတ်ဘူး။ မင်းသမီးနာမည် တာရာလို့ စဉ်းစားထားပေမယ့် တစ်ဆင့် ပွင့်တို့ကို အောင်ထက်က သီချင်းလေး တစ်ပုဒ်ရေးပေးတယ်။ ဒီသီချင်းမှာ အဓိပ္ပါယ်ရှိသော ကြယ် စာသားလေးပါလာတယ်။ အဲ့ဒါနဲ့ ပွင့် ဒီနာမည်ပေးဖြစ်ခဲ့တာပါ” လို့ ဒါရိုက်တာ အရုဏ်ဦး ပွင့်သိင်္ဂီဇော်က ပြောပါတယ်။

Triple Six ရုပ်ရှင်ထုတ်လုပ်ရေးက ဇာတ်လမ်း၊ ဇာတ်ညွှန်း အင်ကြင်းဟန် ရေးသားပြီး ဒါရိုက်တာ အရုဏ်ဦး ပွင့်သိင်္ဂီဇော် က ပုံဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေ အနေနဲ့ အကယ်ဒမီ မြင့်မြတ်၊ နန်းစုဦး၊ ရွှေပုဏ္ဏမီကျော်၊ ဧည့်သည်သရုပ်ဆောင် ဘုန်းသျှံ ၊ ငှက်ပျော်ကြော်၊ ကေညီ၊ နေလင်း၊ မိုးစက်၊ စိုးကြီး စတဲ့သရုပ်ဆောင်တွေ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

“ကိုမြင့်မြတ်ကို ပရိသတ်က ဟာသတို့ အကြမ်းဇာတ်ရုပ်တွေ ဒရာမာတွေ မြင်ကြရတာများတယ်။ ပွင့်ရိုက်တဲ့ကားမှာ ကိုမြင့်မြတ်က အမြဲနုနုရွရွတွေ အရမ်းလုပ်ရတယ်။ သူ့ရဲ့ ပြဿနာတစ်ခုကြောင့် ခဏရှောင်လာတဲ့ အချိန်မှာ နန်းဆုဦးနဲ့တွေ့ချိန်မှာ ချစ်တဲ့ပုံစံလေးလုပ်ရတယ်။ မြင်နေကျမဟုတ်တဲ့ အချစ်ခန်းလေးတွေနဲ့ ကိုမြင့်မြတ်ကို မြင်ရမှာပါ။ နန်းဆုဦးကိုယ်တိုင် ပါဝင်သီဆိုထားတဲ့ သီချင်းလည်းပါပါတယ်”လို့သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *