April 18, 2024

MT News

Written by Peya

၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲတွင် မြန်မာအသင်းက နီပေါအသင်းကို ငါးဂိုး သွင်းကာ ပွဲဦးထွက် အနိုင်ပွဲကို ရယူခဲ့ပြီး ရှေ့တန်း ကစားသမား ယဉ်လွန်းအိမ်က ဟက်ထရစ် သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

ယခုပွဲတွင် မြန်မာအသင်းက ပထမပိုင်းတွင် သုံးဂိုး သွင်းယူနိုင်ခဲ့ကာ အဆိုပါဂိုးများကို ၂၂ မိနစ်တွင် ဇင်မိုးပြည့်က ၁ ဂိုး၊ ယဉ်လွန်းအိမ်က ၄၄ မိနစ်နှင့် ၄၇ မိနစ်တို့တွင် ၂ ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကာ ဒုတိယပိုင်း ၆၉ မိနစ်တွင် ယွန်းဝတီလှိုင်က ၁ ဂိုးနှင့် မိနစ် ၉၀ တွင် ယဉ်လွန်းအိမ်က တစ်ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိပွဲတွင် ပြိုင်ဘက် နီပေါအသင်းမှာလည်း လိုအပ်ချက်များ ရှိနေသည့် အသင်းဖြစ်ကာ မြန်မာ အသင်းအနေဖြင့် ခြေစွမ်းပိုင်းအရ အားနည်းချက်များ ရှိနေခဲ့ကြောင်း တွေ့မြင်ကာ ပေးပို့မှုများ မတိကျသည်ကို တွေ့မြင်ရပြီး လာမည့်ပွဲစဉ်များတွင် အဆိုပါ အချက်များကို ပြင်ဆင်သွားနိုင်ရန် လိုအပ်ကြောင်းလည်း ပရိတ်သတ်များက မျှော်လင့်မှုများ ရှိနေသည်။

မြန်မာအသင်းအနေဖြင့် လာမည့် ၈ ရက်တွင် တရုတ် (တိုင်ပေ) အသင်း၊ ၁၀ ရက်တွင် တရုတ်အသင်းတို့နှင့် ညနေပိုင်း ၆ နာရီခွဲတွင် ရင်ဆိုင်ယှဉ်ပြိုင်ရမည်ဖြစ်ကာ မြန်မာအသင်းအတွက် စိန်ခေါ်မှုများ ကြီးမားနိုင်သည့် အသင်းနှစ်သင်းလည်း ဖြစ်သည်။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် နည်းပြချုပ် ဒေါ်စန်းစန်းသိန်းက “အနိုင်ရအောင်ကစားပေးတဲ့ ကစားသမားတွေကို ကျေးဇူးတင်ပါတယ်။ နီပေါအသင်း ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကလည်း ချီးကျူးစရာပါ။ သူတို့အသင်းဟာ ဒဏ်ရာပြဿနာရှိနေပေမယ့် အကောင်း ဆုံး ကစားသွားပါတယ်။ လာမယ့် တရုတ်(တိုင်ပေ)နဲ့ပွဲဟာ ခြေစစ်ပွဲအောင်ရေး အရေးပါတာကြောင့် သေချာပြင်ဆင်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ပြိုင်ပွဲကို ဥဇဘတ်ကစ္စတန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရသော အသင်း သုံးသင်းမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *